Top News

အမေရိကန်လုပ် တာဝေးပစ် ATACMS ဒုံးကျည်များ အသုံးပြု၍ ရုရှားပိုင်နက်ကို ပစ်ခတ်ခဲ့သည့်ယူကရိန်း၏လုပ်ရပ်အား လက်တုံ့ပြန်မည်ဟု ရုရှားပြောကြား
24htopnews | January 6, 2025 12:12 AM CST

အမေရိကန်ပံ့ပိုးပေးထားသော ATACMS ဒုံးကျည်များဖြင့် ဘယ်ဂိုရော့နယ်စပ်ဒေသကို ဇန်နဝါရီ ၃ ရက်တွင် ယူကရိန်းက ပစ်ခတ်ခဲ့သည်ဟု စွပ်စွဲခဲ့ပြီးနောက် ယင်းလုပ်ရပ်ကိုလက်တုံ့ပြန်မည် ဇန်နဝါရီ ၄ ရက်တွင် ရုရှားက ပြောကြားခဲ့သည်။

ရာထူးမှ ထွက်ခွာတော့မည့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အမေရိကန်ပံ့ပိုးပေးသော တာဝေပစ်ဒုံးကျည်များဖြင့် ရုရှားကိုပစ်ခတ်ရန် လွန်ခဲ့သောနှစ်တွင် ယူကရိန်းကို ခွင့်ပြုပေးခဲ့သည်။ ယင်းသို့ ခွင့်ပြုပေးလိုက်ခြင်းသည် သုံးနှစ်နီးပါးရှိလာသောစစ်ပွဲတွင် ပဋိပက္ခကို ဆိုးဆိုးရွားရွား မြင့်တက်စေခဲ့သည်ဟု ရုရှားက ဝေဖန်ခဲ့သည်။

“ဇန်နဝါရီ ၃ ရက်မှာ အမေရိကန်လုပ် ATACMS စစ်ဆင်ရေး-နည်းဗျူဟာဆိုင်ရာ ဒုံးကျည်တွေကို အသုံးပြုပြီး ယူကရိန်းနယ်မြေကနေ ဘယ်ဂိုရော့ဒေသကို ဒုံးကျည်ပစ်လွှတ်ခဲ့ပါတယ်”ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

“အနောက်အုပ်စုက အကူအညီပေးသူတွေက ထောက်ပံ့ပေးထားတဲ့ ယူကရိန်းအစိုးရရဲ့အဲဒီလုပ်ရပ်တွေဟာ လက်တုံ့ပြန်မှုကို ကြုံရပါလိမ့်မယ်”ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ယူကရိန်းပစ် လွှတ်ခဲ့သော ဒုံးကျည်အားလုံးကို ပစ်ချခဲ့သည်ဟု ဆိုသည်။

လေကြောင်းကာကွယ်ရေးစနစ်က စုစုပေါင်း ATACMS ဒုံးကျည်ရှစ်စင်းကို ပစ်ချခဲ့သည်ဟု စောစောပိုင်းတွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည် ဆိုသော်လည်း ယင်းဒုံးကျည်များကိုမည်သည့်အချိန်တွင် ပစ်ချခဲ့သည်၊ မည်သည့် နေရာတွင် ပစ်ချခဲ့ကို ပြောကြားခြင်းမရှိပေ။

ယူကရိန်းက အနောက်အုပ်စု၏တာဝေးပစ်ဒုံးကျည်များဖြင့် ရုရှားနယ်မြေကို ပစ်ခတ်မှုများ ဆက်လက်လုပ်ဆောင်နေမည်ဆိုပါက ကိယက်ဗ်အလယ်ပိုင်းကို ဟိုက်ပါဆောနစ်ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်မည်ဟု ရုရှားသမ္မတဗလာဒီမာပူတင်က လွန်ခဲ့သောနှစ်တွင် ခြိမ်းခြောက်ခဲ့သည်။

Ref: AFP

 


READ NEXT
Cancel OK