Top News

လာမည့်နှစ်၌ ကျင်းပမည့် ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးကောက်ခံမည်ဟု ပက်ကီယောင်း အတည်ပြုကြေညာ
24htopnews | January 5, 2025 3:12 AM CST

ဖိလစ်ပိုင်လက်ဝှေ့အကျော်အမော် ပက်ကီယောင်းသည် လာမည့်နှစ်၌ ကျင်းပမည့် ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ရွေးကောက်ခံမည်ဟု စက်တင်ဘာလ (၁၉)ရက်က အတည်ပြုကြေညာခဲ့သည်။

အာဏာရပါတီ PDP-Laban က လာမည့်နှစ် မေလ(၉)ရက်၌ ကျင်းပမည့် သမ္မတရွေးကောက်ပွဲအတွက် ပါတီ၏ကိုယ်စားလှယ်လောင်းအဖြစ် အဆိုပြုမှုကို ပက်ကီယောင်းက လက်ခံခဲ့ခြင်းဖြစ်သည်။

အသက်(၄၂)နှစ်ရှိပြီဖြစ်သူ ပက်ကီယောင်းသည် ၂၀၁၀ ပြည့်နှစ်တွင် Sarangani ၏အောက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံရပြီး ၂၀၁၆ ခုနှစ်တွင် အထက်လွှတ်တော်အမတ် ဖြစ်လာခဲ့သည်။

''ဖိလစ်ပိုင်နိုင်ငံရဲ့သမ္မတအဖြစ် ရွေးကောက်ခံရမယ့် စိန်ခေါ်မှုကို ကျွန်တော် ရဲရဲရင့်ရင့်ပဲ လက်ခံခဲ့ပါတယ်။ ကျွန်တော်တို့ တိုးတက်မှုတွေ လိုအပ်ပါတယ်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးမှာလည်း ကျွန်တော်တို့ အနိုင်ရဖို့ လိုအပ်ပါတယ်။  ကျွန်တော်တို့ပြည်သူတွေအတွက် ဂုဏ်သိက္ခာ၊ မေတ္တာကရုဏာ၊ ပွင့်လင်းမြင်သာမှုတွေနဲ့အတူ တာဝန်ထမ်းဆောင်ပေးမယ့် အစိုးရမျိုးကို လိုအပ်ပါတယ်။ ခေါင်းဆောင်မှုပိုင်းရဲ့ ပိုမိုမြင့်မားတဲ့နေရာအတွက် စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ အသင့်ရှိနေပါတယ်''ဟု ပက်ကီယောင်းက သူ၏ Twitter တွင် ရေးသားခဲ့သည်။

ပက်ကီယောင်းသည် ပြီးခဲ့သည့်လက WBA(Super) ဝယ်လ်တာဝိတ်တန်းချန်ပီယံ အူးဂတ်စ်နှင့်ထိုးသတ်ခဲ့ကာ အမှတ်ဖြင့် အရေးနိမ့်ခဲ့ပြီးနောက် လက်ဝှေ့လောကမှ အနားယူတော့မည်ဟု သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသော်လည်း သူ၏အနာဂတ်နှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ချမှတ်ရခြင်း မရှိသေးကြောင်း သိရသည်။

ပက်ကီယောင်းသည် အစောပိုင်းက လက်ရှိသမ္မတ ဒူတာတေးကို ထောက်ခံသူတစ်ဦး ဖြစ်ခဲ့သော်လည်း ပြီးခဲ့သည့်ဇူလိုင်လက ဒူုတာတေးအစိုးရသည် အကျင့်ပျက်ခြစားမှုများ ရှိနေပြီး တရုတ်နှင့်ဆက်ဆံရေးတွင်လည်း အေးစက်စက်ရှိလွန်းသည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

သမ္မတ ဒူတာတေးသည် ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေအရ (၆)နှစ်သက်တမ်းတစ်ကြိမ်သာ ထမ်းဆောင်ရမည်ဖြစ်သောကြောင့် လာမည့်ရွေးကောက်ပွဲတွင် ထပ်မံရွေးကောက်ခံခွင့် မရှိတော့ကြောင်း သိရသည်။

သို့သော် ဒူတာတေးအနေဖြင့် PDP-Laban ပါတီ၏ ဒုသမ္မတလောင်းအဖြစ် ရွေးကောက်ခံသွားမည်ဟု မကြာသေးမီက အတည်ပြုခဲ့သည်။

လာမည့်နှစ်$ကျင်းပမည့် ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲသည် (၁၇)ကြိမ်မြောက်ရွေးကောက်ပွဲဖြစ်ပြီး ၁၉၈၇ ဖိလစ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံရသည့် သမ္မတနှင့် ဒုသမ္မတတို့သည် ပါတီတစ်ခုတည်းမှ မဖြစ်ရဟူသော အချက်ကိုလည်း ပြဋ္ဌာန်းထားသည်။

လက်ရှိတွင် ဖိလစ်ပိုင်သမ္မတရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် တရားဝင်စာရင်းထွက်ပေါ်ထားသူမှာ ပက်ကီယောင်းအပါအဝင် (၂)ဦးသာရှိပြီး အခြားပုဂ္ဂိုလ်မှာ Peporma ပါတီ ကိုယ်စားပြု ပန်ဖီလိုလာဆန်ဆိုသူ ဖြစ်သည်။

ဒုသမ္မတရွေးကောက်ပွဲတွင် လက်ရှိသမ္မတဖြစ်သူ ဒူတာတေးအပြင် အခြားတစ်ဦးသာ အမည်စာရင်း ထွက်ထားခဲ့သည်။

ယင်းပုဂ္ဂိုလ်မှာ လက်ရှိတွင် အထက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေသည့် NPC ပါတီမှ တီတိုဆော့တို ဖြစ်သည်။


READ NEXT
Cancel OK