Top News

ဆောက်သမ်တန်အား အနိုင်မရသည့်အတွက် မိမိတွင်အပြစ်ရှိသည်ဟု ခံစားရကြောင်း ဂွါဒီယိုလာ ဆိုခဲ့သော်လည်း ပရိသတ်များနှင့်ပတ်သက်၍ တောင်းပန်မည်မဟုတ်ဟုဆို
24htopnews | January 5, 2025 3:12 AM CST

ပြီးခဲ့သည့် စနေနေ့က ကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ် မန်စီးတီး (၀-၀) ဆောက်သမ်တန်ပွဲတွင် ဆောက်သမ်တန်အသင်းအား အိမ်ကွင်း၌ အနိုင်မကစားနိုင်ခြင်းနှင့် ပတ်သက်၍ မိမိတွင်အပြစ်ရှိသည်ဟု ခံစားရကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ယင်းပွဲအပြီး၌ ပြောကြားခဲ့သည်။

ရာသီအဖွင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် စပါးအသင်းကို ရှုံးနိမ့်ခဲ့သော မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ဒုတိယမြောက် ဂိုးပေါက်ပျောက်ဆုံးခြင်းဖြစ်ပြီး ဒုတိယမြောက်နိုင်ပွဲ ပျောက်ဆုံးခဲ့ခြင်းလည်းဖြစ်သည်။

ယင်းပွဲတွင် ဂွါဒီယိုလာ၏ မန်စီးတီးအသင်းမှာ ပြိုင်ဘက်အသင်းဘက်သို့ ဂိုးပေါက်တည့်တိုက်စစ်ဆင်မှု တစ်ကြိမ်သာပြုလုပ်နိုင်ခဲ့သည်။

ပွဲအပြီးတွင် ဂွါဒီယိုလာက ''ဒီလိုပွဲမျိုးကြုံတွေ့ပြီးနောက်မှာ ကျွန်တော် အမြဲတမ်းဆိုးဆိုးရွားရွား ခံစားရပါတယ်။ ပရိသတ်တွေရဲ့ ရှေ့မှောက်မှာ နိုင်ပွဲတစ်ပွဲ မရယူပေးနိုင်တာကြောင့် ကျွန်တော် အပြစ်ရှိသလို ခံစားရပါတယ်။ နောက်ပြီး ကျွန်တော်တို့ကစားခဲ့ပုံကလည်း ဆိုးရွားခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ပွဲစဉ်တွင် မန်စီးတီးအသင်း၏ အိမ်ကွင်းဖြစ်သော အီတီဟတ်ကွင်းအတွင်းသို့ ပရိသတ်များ လာရောက်မှုနည်းပါးခြင်းကြောင့် ပရိသတ်များကို ဝေဖန်ပြောဆိုရာမှ မန်စီးတီးပရိသတ်များ နှင့် သူ့အကြား ဆက်ဆံရေးအဖုအထစ်ရှိနေပြီး ယင်းကိစ္စနှင့်ပတ်သက်၍ မိမိ၏ပြောဆိုမှုမှာ မမှားယွင်းကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ပြီးခဲ့သည့်တစ်ပတ်က ဂျာမန်ကလပ် လိုက်ပ်ဇစ်နှင့်ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွင် မန်စီးတီးအသင်း၏ အီတီဟတ်ကွင်းအတွင်းသို့ ပရိသတ်(၃၈၀၆၂)ဦးသာ လာရောက် ကြည့်ရှုခဲ့သည်။

ပရိသတ် (၅၅၀၀၀)ဆံ့သည့် ကွင်းအတွင်းသို့ ပရိသတ်အရေအတွက် လျော့နည်းစွာ လာရောက်ကြည့်ရှုခြင်းအတွက် ဂွါဒီယိုလာက ထောက်ပြပြောဆိုခဲ့ပြီး ပရိသတ်များအနေဖြင့် ကွင်းအတွင်းသို့ ပိုမိုလာရောက်သင့်ကြောင်းလည်း ပြောကြားခဲ့သည်။

သို့သော် မန်စီးတီးပရိသတ်အချို့က ဂွါဒီယိုလာ၏ ပြောဆိုမှုကို လက်မခံဘဲ လူမှုကွန်ရက်စာမျက်နှာများတွင် တုံ့ပြန်ဝေဖန်မှုများ ပြုလုပ်ခဲ့ကြသည်။

ဂွါဒီယိုလာက ယင်းကိစ္စနှင့်ပတ်သက်၍ ပရိသတ်များကို မိမိပြန်လည်တောင်းပန်နိုင်မည်မဟုတ်ကြောင်းနှင့် မိမိတို့အနေဖြင့် ပရိသတ်များ၏ အားပေးမှုကိုသာ မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

''ကျွန်တော် လိုက်ပ်ဇစ်နဲ့ ပွဲအပြီးမှာပြောခဲ့တာ အမှားမပါပါဘူး။ ကျွန်တော့်အနေနဲ့ ဆောက်သမ်တန်နဲ့ပွဲမှာ ပရိသတ်တွေကို ပိုမိုအလိုရှိကြောင်း၊ ပရိသတ်တွေရဲ့ အားပေးမှုကိုလိုအပ်ကြောင်း ပြောခဲ့တာဖြစ်ပါတယ်။ ကျွန်တော် ပရိသတ်အရေအတွက် ဘယ်လောက်လာရမယ်လို့ ပြောဆိုနေတာ မဟုတ်ပါဘူး။ ပရိသတ်တွေက ကျွန်တော့်ကို အပြန်အလှန်မေးခွန်းထုတ်တာလည်း ကျွန်တော် နားမလည်နိုင်ပါဘူး။ ကျွန်တော့်အတွက်ကတော့ ပရိသတ် (၁၀၀)မှာ (၈၅)ယောက်လောက်လာတယ်ဆိုရင် ကျေနပ်ပါပြီ'' ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ဆောက်သမ်တန်နှင့်ပွဲတွင် အီတီဟတ်ကွင်းအတွင်းသို့ ပရိသတ် (၅၃၀၀၀)နီးပါး လာရောက်ခဲ့သော်လည်း အသင်းမှာ နိုင်ပွဲရအောင် မကစားနိုင်ခဲ့ခြင်းဖြစ်သည်။


READ NEXT
Cancel OK