Top News

(၃)နှစ်အတွက် မက်ဆီ ယူရိုသန်း (၁၁၀)  လစာရရှိမည့်သတင်းမှာ မှန်ကန်မှုမရှိဟု PSG အသင်း အားကစားဒါရိုက်တာ ငြင်းဆန်
24htopnews | January 5, 2025 3:12 AM CST

PSG အသင်း အားကစားဒါရိုက်တာ လီယိုနာဒိုက အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီအနေဖြင့် (၃)နှစ်အတွက် ယူရိုသန်း (၁၁၀) အထိ လစာရရှိမည့်သတင်းမှာ မှန်ကန်မှုမရှိကြောင်း ငြင်းဆန်ပယ်ချခဲ့သည်။

ပြင်သစ်နိုင်ငံထုတ် L'Equipe သတင်းစာက မက်ဆီအနေဖြင့် PSG အသင်းတွင် (၃)နှစ်စာချုပ်အတွက် ယူရိုသန်း (၁၁၀) အထိ ရရှိမည်ဖြစ်ကြောင်း စနေနေ့က မျက်နှာဖုံးသတင်းအဖြစ် ဖော်ပြခဲ့သည်။

မက်ဆီ (၃၄ နှစ်) သည် PSG အသင်းနှင့် ကနဦး(၂)နှစ် စာချုပ် ချုပ်ဆိုထားပြီး တစ်နှစ်ထပ်မံတိုးမြှင့်ခွင့်ရှိသည့်အချက် ထည့်သွင်းချုပ်ဆိုထားသည်။

L'Equipe သတင်းစာ၏ ဖော်ပြမှုနှင့် ပတ်သက်၍ လီယိုနာဒိုက ''ဒီလိုဖော်ပြမှုတွေကို ကျွန်တော်တို့ သဘောမကျပါဘူး။ အဲဒါက တကယ်လက်တွေ့ကိန်းဂဏန်းတွေနဲ့ တော်တော်လေးကွာခြားပါတယ်။ ဒီအချက်အလက်တွေဆိုတာ လျှို့ဝှက်ထားရတာပါ။ ဒါပေမဲ့ အဲဒါက အမှန်မဟုတ်ဘူးဆိုတာတော့ ကျွန်တော်ပြောနိုင်ပါတယ်။ စာချုပ်သက်တမ်းကလည်း (၂)နှစ်ပါ။ (၃)နှစ်မဟုတ်ပါဘူး။ ဒါက မက်ဆီရဲ့ ပထမဆုံးအိမ်ကွင်းပွဲမတိုင်ခင်မှာ အခုလိုဖော်ပြတာ သူ့အပေါ် လေးစားမှုမရှိတာပါပဲ။ ဘာကြောင့် ဒီလိုလုပ်တာလဲဆိုတာ ကျွန်တော်နားမလည်ပါဘူး။ ဒါပေမဲ့ အဲဒါက ခင်ဗျားရဲ့ပြဿနာပါ။ အချက်အလက်တွေကိုတော့ ကျွန်တော်တို့ မပေးနိုင်ပါဘူး'' ဟု ငြင်းဆန်ပြောကြားသည်။

မက်ဆီသည် PSG အသင်းအတွက် ပထမဆုံးအိမ်ကွင်းပွဲအဖြစ် တနင်္ဂနွေနေ့က လိုင်ယွန်အသင်းနှင့်ပွဲတွင် ပွဲထွက်ကစားခဲ့သော်လည်း ယင်းပွဲ၏ ပထမဆုံးလူစားလဲမှုအဖြစ် ဒုတိယပိုင်း ၇၆ မိနစ်တွင် ဟာကီမီနှင့် လူစားလဲခံခဲ့ရသည်။

မက်ဆီသည် ပထမပိုင်းတွင် ခြေစွမ်းပြကစားနိုင်သော်လည်း ဂိုးသွင်းယူနိုင်ခြင်းမရှိသလို ဒုတိယပိုင်းတွင် လူစားလဲခံရခြင်းဖြစ်သည်။

PSG အသင်းနည်းပြ ပိုချက်တီနိုကမူ မက်ဆီအား လူစားလဲသည့် ဆုံးဖြတ်ချက်အတွက် ကာကွယ်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။

 ''ကျွန်တော်တို့ဆီမှာ ထိပ်တန်းကစားသမားတွေရှိတယ်ဆိုတာ အားလုံးသိကြပါတယ်။ လူစာရင်းမှာ ကစားသမား ၃၅ ယောက် ရှိပါတယ်။ ဒါက ကျွန်တော့်ဆုံးဖြတ်ချက်ပါ။ ကျွန်တော်တို့အနေနဲ့ တစ်ကြိမ်မှာ ကစား သမား ၁၁ ယောက်ပဲ အသုံးပြုလို့ရပါတယ်။ တစ်ပွဲချင်းစီအတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကိုပဲ ကျွန်တော်စဉ်းစားပါတယ်။ ကစားသမားတစ်ဦးချင်းစီအတွက်လည်း ဒီလိုပဲ စဉ်းစားပါတယ်။ နည်းပြတိုင်းက ဒီလိုပဲ လုပ်ကြပါတယ်။ ကျွန်တော်တို့က ဆုံးဖြတ်ချက်တွေချဖို့ ဒီနေရာမှာရှိနေတာပါ။ တစ်ခါတလေမှာ ဒီဆုံးဖြတ်ချက်တွေကြောင့် ပျော်ရွှင်ရသလို တစ်ခါတလေကျတော့လည်း မပျော်ရွှင်တာမျိုး ဖြစ်တတ်ပါတယ်'' ဟု ပိုချက်တီနိုက ပြောကြားသည်။

မက်ဆီသည် PSG အသင်းအတွက် သုံးပွဲကစားထားပြီး ဂိုးမသွင်းနိုင်သေးကြောင်း သိရသည်။


READ NEXT
Cancel OK