Top News

ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲတွင် ၎င်းတို့အသင်း မပါဝင်တော့ကြောင်း မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗား ဝန်ခံ
24htopnews | January 4, 2025 2:12 PM CST

 

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်စီးတီးအသင်း၏ ကွင်းလယ်ကစားသမားဖြစ်သူ ဘာနာဒိုဆေးလ်ဗားက ၎င်းတို့အသင်းအနေဖြင့် ယခုရာသီ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲတွင် မပါဝင်တော့ကြောင်း ဝန်ခံပြောကြားခဲ့သည်။ 

မန်စီးတီးအသင်းသည် ပြီးခဲ့သည့်လေးရာသီဆက်တိုက် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်းတွင် ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့် ပထမဆုံးနှင့် တစ်သင်းတည်းသောအသင်းအဖြစ် စံချိန်တင်ထားသည်။ ထို့ကြောင့် ရာသီအစက မန်စီး တီးအသင်းအနေဖြင့် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ငါးနှစ်ဆက်ရရှိရန် ထိပ်ဆုံးမှ ရေပန်းစားခဲ့သည်။ 

မန်စီးတီးအသင်းသည် ရေပန်းစားသည့်အတိုင်း ရာသီအစပိုင်းတွင် ရလဒ်များ ကောင်းမွန်ခဲ့သော်လည်း အောက်တိုဘာလကုန်ကတည်းက မထင်မှတ်ဘဲ ရုန်းကန်ခဲ့ရသည်။ ထို့ပြင် မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် League Phase အဆင့်မှာပင် ထွက်ခွာရမည့်အခြေအနေနှင့် ရင်ဆိုင်နေရသည်။ မန်စီးတီးအသင်းသည် ယခုရာသီ ချန်ပီယံလိဂ် League Phase ပွဲစဉ် ၆ အပြီးတွင်  ရမှတ် ရှစ်မှတ်ဖြင့် အဆင့် ၂၂ နေရာ၌ ရပ်တည်နေသည်။ 

ယခုအခါ မန်စီးတီးကွင်းလယ်ကစားသမား ဘာနာဒိုဆေးလ်ဗားက ၎င်းတို့အသင်း အနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံလုပွဲမှ ထွက်လိုက်ရပြီဖြစ်ကြောင်း Sky Sports နှင့် ပြုလုပ်သည့် အင်တာဗျူးတွင် ဝန်ခံခဲ့ခြင်း ဖြစ်သည်။ ဘာနာဒိုဆေးလ်ဗားက "ဘောလုံးမှ မဖြစ်နိုင်ဘူးဆိုတာ မရှိလို့ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရနိုင်သေးတယ်လို့ ပြောချင်ရင် ပြောနိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ကျွန်တော်တို့အသင်းဟာ ပရီးမီးယားလိဂ်ချန်ပီယံလုပွဲကနေ သေချာပေါက်ထွက်လိုက်ရပါပြီ။ အဲဒီအတွက် မေးခွန်းထုတ်စရာ မလိုပါဘူး။ ကျွန်တော်တို့အတွက် အရမ်းနောက်ကျသွားပါပြီ။ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကျွန်တော်တို့ ဆုံးရှုံးလိုက်ရပါပြီ" ဟု ပြောကြားခဲ့သည်။ 

ထို့ပြင် ဘာနာဒိုဆေးလ်ဗားက လက်ရှိတွင် မိမိတို့အသင်းအနေဖြင့် ကစားမည့်ပွဲစဉ်တစ်ပွဲချင်းကိုသာ အာရုံစိုက်ပြီး ရလဒ်ကောင်းရန် ကြိုးစားနေရတော့မည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK