Top News

တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်းတွင် COVID-19 ရောဂါကူးစက်မှုများ စံချိန်တင်မြင့်တက်လာပြီး ကန့်သတ်ပိတ်ပင်မှုများကို တင်းတင်းကျပ်ကျပ် ချမှတ်ထားရ
24htopnews | January 3, 2025 7:12 AM CST

နိုဝင်ဘာ ၂၀ ရက်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကိုဗစ်စစ်ဆေးမှုခံယူရန် စောင့်ဆိုင်းနေသူများကို တွေ့ရစဉ် (Photo-AFP)

တရုတ်နိုင်ငံ၏ မြို့တော်ပေကျင်း၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများ စံချိန်တင်တွေ့ရှိခဲ့သည်ဟု အာဏာပိုင်များက နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ပေကျင်းတွင် စာသင်ကျောင်းများကို အွန်လိုင်းမှသာ သင်ကြားပို့ချစေခြင်း၊ စားသောက်ဆိုင် အများအပြားကို ပိတ်ထားခြင်းနှင့် ဝန်ထမ်းများကို နေအိမ်မှသာ အလုပ်လုပ်စေခြင်းကဲ့သို့သော ကန့်သတ်ပိတ်ပင်မှုများကို တင်းတင်းကျပ်ကျပ် ချမှတ်ထားသည်။

နိုင်ငံတစ်ဝန်း နေ့အလိုက်ရောဂါကူးစက်ခံရသူ ၂၈၀၀၀ ကျော် တွေ့ရှိခဲ့ပြီး ယင်းသည် ကပ်ရောဂါစတင်ဖြစ်ပွားခဲ့စဉ်က ကူးစက်သူအရေအတွက်နှင့် မတိမ်းမယိမ်းဖြစ်လာခဲ့ကာ ကွမ်တုံပြည်နယ်နှင့် ချုံချင့်မြို့တို့တွင် ရောဂါကူးစက်ခံရသူ ၁၆၀၀၀ ကျော်နှင့် ၆၃၀၀ ကျော်အသီးသီးတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးဌာနတာဝန်ရှိသူများက ပြောကြားခဲ့သည်။

မြို့တော်ပေကျင်းတွင်လည်း မကြာသေးမီ ရက်ပိုင်းအတွင်း ထပ်တိုးကူးစက်သူဦးရေ မြင့်တက်လာခဲ့ပြီး နိုဝင်ဘာ ၂၀ ရက်တွင် ကူးစက်သူ ၆၂၁ ဦးရှိခဲ့ရာမှ နိုဝင်ဘာ ၂၁ ရက်တွင် ကူးစက်သူ ၁၄၃၈ ဦး တွေ့ရှိခဲ့ကာ ယင်းသည် ပေကျင်းမြို့၏ စံချိန်တင်ကူးစက်မှု အရေအတွက်လည်းဖြစ်သည်။

ကိုဗစ်ကင်းစင်ရေးမူဝါဒကို ဆက်လက်ကျင့်သုံးနေသည့် တစ်ခုတည်းသော ကမ္ဘာ့စီးပွားရေးအင်အားကြီး တရုတ်နိုင်ငံတွင် ရုတ်တရက် လော့ဒေါင်းချခြင်း၊ လူအမြောက်အများကို ဆေးစစ်ခြင်းနှင့် တင်းကျပ်သော ကွာရန်တင်းအစီအမံများကြောင့် ကပ်ရောဂါကာလ၏ အစောပိုင်းအခြေအနေတို့တွင် ရောဂါကူးစက်ပြန့်ပွားမှုများကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့သည်။

သို့ရာတွင် လတ်တလော၌ ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်လာခြင်းသည် တရုတ်၏ ဗိုင်းရပ်စ်ထိန်းချုပ်ရေး စည်းမျဉ်းများအတွက် စမ်းသပ်မှုဖြစ်လာခဲ့ကာ အာဏာပိုင်များအနေဖြင့်လည်း ယခုနှစ်ဧပြီလက ရှန်ဟိုင်းမြို့တွင် နှစ်လကြာလော့ဒေါင်းချခဲ့သည့် အခြေအနေမျိုးကို ရှောင်လွှဲနိုင်ရန် လိုလားလျက်ရှိသည်။ ရှန်ဟိုင်းတွင် လနှင့်ချီလော့ ဒေါင်းချခဲ့ခြင်းကြောင့် ဘဏ္ဍာရေးဗဟိုချက် ရှန်ဟိုင်း၏ စီးပွားရေးနှင့် ၎င်း၏နိုင်ငံတကာပုံရိပ်ကို ထိခိုက်စေခဲ့သည်။

တရုတ်နိုင်ငံ၏ အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုးစုစုပေါင်း၏ ၁၉.၉ ရာခိုင်နှုန်းအထိ ရှိနေသည့် နယ်မြေဒေသများသည် လော့ဒေါင်းစည်းမျဉ်း တစ်မျိုးမျိုး သို့မဟုတ် ကန့်သတ်မှုပုံစံတစ်မျိုးမျိုးအောက်တွင် ကျရောက်နေသည်ဟု နိုမူရဘဏ္ဍာရေးကုမ္ပဏီမှ ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပေကျင်းမြို့တွင် ရောဂါအခံရှိသည့် အသက်ကြီးပိုင်း သုံးဦးသေဆုံးခဲ့ပြီး ယင်းသည် မေလနောက်ပိုင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးအကြိမ် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု အာဏာပိုင်များက ဆိုသည်။

ယခင်က မြို့ခံအမြောက်အများကို ကိုဗစ်စစ်ဆေးမှုများအား ရပ်ဆိုင်းခဲ့သည့် ရှီကျားကျွမ်းမြို့တွင် ရောဂါကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် နိုဝင်ဘာ ၂၁ ရက်က တစ်စိတ်တစ်ပိုင်း လော့ဒေါင်းချမှုများ စတင်ချမှတ်ထားပြီး နိုင်ငံတောင်ပိုင်းရှိ ဗိုင်းရပ်စ်ကူးစက်မှု ဗဟိုချက်ဖြစ်သော ကွမ်ကျိုးမြို့ရှိ ခရိုင်အချို့ကိုလည်း အာဏာပိုင်များက လော့ဒေါင်းချခဲ့သည်။                       


READ NEXT
Cancel OK