Top News

အင်ဒိုနီးရှားတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့သဖြင့် သေဆုံးသူ ၂၆၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်လုပ်ဆောင်
24htopnews | January 3, 2025 7:12 AM CST

အင်ဒိုနီးရှားနိုင်ငံ၏ အဓိကကျွန်းဖြစ် သည့် ဂျာဗားကျွန်းတွင် နိုဝင်ဘာ ၂၂ ရက်က   ရစ်ချ်တာစကေး ၅ ဒသမ ၆ ပြင်းအားရှိ ငလျင် လှုပ်ခတ်မှုကြောင့် သေဆုံးသူ ၂၆၈ ဦးအထိ မြင့်တက်လာခဲ့ကာ နိုဝင်ဘာ ၂၃ ရက်တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်နေသည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၁၅၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး ဝေးလံခေါင်သီပြီး လူသူအရောက်အပေါက်နည်းသည့် နေရာများသို့ သွားရောက်ရန်ခက်ခဲနေ ပြီး လူပေါင်း ၁၀၀၀ ကျော်ဒဏ်ရာရခဲ့ကာ သေဆုံးသူဦးရေမှာ ထပ်မံမြင့်တက်လာဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

လူဦးရေ ထူထပ်သိပ်သည်းသည့် ဂျာဗားကျွန်းပေါ်ရှိ ငလျင်ဗဟိုချက်အနီးတွင် တည်ရှိသည့် ဆေးရုံများတွင် လူနာများပြည့်နေခဲ့ပြီး ဆေးရုံအပြင်ဘက်တွင် ယာယီတဲများနှင့် ထမ်းစင်များပေါ်တွင် အနားယူကာ ဆေးဝါး ကုသမှုခံယူရန် စောင့်ဆိုင်းနေရသည့် လူနာများလည်း ရှိခဲ့သည်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို တိုးမြှင့်သည့်အနေဖြင့် နိုဝင်ဘာ ၂၃ ရက် တွင် စစ်မှုထမ်းအင်အား ၁၂၀၀၀ ကျော်ကို ဖြန့်ကြက်ချထားခဲ့ကာ ယင်းစစ်မှုထမ်းများသည် ရှာဖွေကယ်ဆယ်မှုများ လုပ်ဆောင်နေသည့် ရဲတပ်ဖွဲ့၊ လူမှုကယ်ဆယ်ရေးအဖွဲ့များနှင့် ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ ပူးပေါင်း အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်သွားလိမ့်မည်ဟု အမျိုးသား သဘာဝဘေးအန္တရာယ် လျော့ပါးသက်သာစေရေး အေဂျင်စီ အကြီးအကဲ ဆူဟာယန်တိုက ပြောကြားခဲ့သည်။

ငလျင်ဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရသည့် စီဂျန်ဒီလ် ကျေးရွာတွင် မြေပြိုမှုများကြောင့် ရွှံ့နွံများ၊ ကျောက်တုံးများနှင့် သစ်ပင်ပြိုလဲမှုများဖြစ်ပွားနေသည်ကို ရုပ်သံသ တင်းများတွင် မြင်တွေ့ရသည်။

ငလျင်လှုပ်ခတ်မှုကြောင့် နေအိမ်များကို စွန့်ခွာထွက်ပြေးပြီး ယာယီကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသည့် ထောင်နှင့်ချီသည့် ပြည်သူများအတွက် လိုအပ်သည့် အထောက်အပံ့များကို ပေးပို့ခဲ့ကြောင်း ဆူဟာယန်တိုက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက နိုဝင် ဘာ ၂၂ ရက်တွင် ငလျင်ဒဏ်ကို ဆိုးရွားစွာ ခံစားခဲ့ရသည့် စီယန်ဂျာခရိုင်ကို သွားရောက်ကြည့်ရှုခဲ့ပြီး စီယန်ဂျာနှင့် အခြားမြို့များကို ဆက်သွယ်ထားသည့် အဓိကတံတားတစ်စင်းအပါအဝင် အခြေခံအဆောက်အအုံများကို ပြန်လည်တည်ဆောက်ရန်နှင့် ငလျင်ကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုတစ်စုချင်းစီကို ရူပီယာ သန်း ၅၀ (ဒေါ်လာ ၃၁၈၀) စီ ထောက်ပံ့ပေးသွားမည်ဟု ကတိပြုခဲ့သည်။

လူဦးရေ သန်း ၂၇၀ ကျော်ရှိသည့် အင်ဒိုနီးရှားသည် “ပစိဖိတ်မီးကွင်း”ဟု လူသိများသည့် ငလျင်ကြောပေါ်တွင် တည်ရှိနေသဖြင့် ငလျင်လှုပ်ခတ်မှုများ၊ မီးတောင်ပေါက်ကွဲမှုများနှင့် ဆူနာမီလှိုင်းများ မကြာခဏဖြစ်ပွားလေ့ရှိသည်။

ဖေဖော်ဝါရီလကလည်း အနောက်ဆူ မားတြားပြည်နယ်တွင် ရစ်ချ်တာစကေး ၆ ဒသမ၂ ပြင်းအားရှိ ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၂၀၂၁ ခုနှစ် ဇန်နဝါရီလကလည်း အနောက် ဆူလာဝေစီပြည်နယ်တွင် ရစ်ချ်တာစကေး ၆ ဒသမ ၂ ပြင်းအားရှိငလျင်လှုပ်ခတ်ခဲ့သဖြင့် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့သည်။


READ NEXT
Cancel OK