Top News

ဆိုးရွားသည့်လုံခြုံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မြောက်ကိုရီးယားက အမေရိကန်ကို သတိပေး
24htopnews | January 3, 2025 7:12 AM CST

မကြာသေးမီက မြောက်ကိုရီးယား၏ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုများကို ကုလသမဂ္ဂက ရှုတ်ချစေရန်အတွက် အမေရိကန်က တွန်းအားပေးလုပ်ဆောင်နေချိန်တွင် အမေရိကန်အနေဖြင့် ပိုမိုဆိုးရွားသည့် လုံခြုံရေးအကျပ်အတည်းနှင့် ရင်ဆိုင်ရလိမ့်မည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ သြဇာကြီးမားသည့်ညီမဖြစ်သူ ကင်ယိုဂျုံက နိုဝင်ဘာ ၂၂ ရက်တွင် သတိပေးခဲ့သည်။

အမေရိကန်၏ ကုလသမဂ္ဂဆိုင်ရာသံအမတ် လင်ဒါသောမတ်စ် ဂရင်းဖီးလ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပေါ်အစည်းအဝေးတွင် မြောက်ကိုရီးယား၏ တားမြစ်ခံထားရသည့် ဒုံးကျည်ပစ်လွှတ်မှုများနှင့် တည်ငြိမ်မှုကို ပျက်ပြားစေသည့် အခြားလှုပ်ရှားမှုများကို ရှုတ်ချကြောင်း အစီရင်ခံစာတစ်စောင် တင်သွင်းသွားမည်ဟု ပြောကြားခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် ကင်ယိုဂျုံ၏ သတိပေးမှု ထွက်ပေါ်လာခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီအစည်းအဝေးအပြီးတွင် သောမတ်စ် ဂရင်းဖီးလ်က မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းများကို ကန့်သတ်ရန် လုပ်ဆောင်မှုကို ထောက်ခံသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံ၏ ကြေညာချက်ကိုလည်း ဖတ်ကြားခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ပြီးလျှင် ဒုတိယမြောက် သြဇာအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရသည့် ကင်ယိုဂျုံကမူ ဗြိတိန်၊ ပြင်သစ်၊ သြစတြေးလျ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကဲ့သို့ ဝရုန်းသုန်းကားဖြစ်နေသည့် နိုင်ငံများနှင့်အတူ ပူးတွဲကြေညာချက်ထုတ်ပြန်မှုသည် စက်ဆုပ်ဖွယ်ကောင်းသည်ဟု အမေရိကန်ကို ပြစ်တင်ဝေဖန်ခဲ့သည်။

ကင်ယိုဂျုံက အမေရိကန်ကို အကြောက်တရားနှင့် ဟောင်နေသည့် ခွေးတစ်ကောင်အဖြစ် နှိုင်းယှဉ်ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသည် အမေရိကန်ဦးဆောင်သည့် ယင်းကြေညာချက်ကို မိမိတို့၏ အချုပ်အခြာအာဏာကို အကြောင်းမဲ့ ချိုးဖောက်မှုဖြစ်ပြီး  နိုင်ငံရေးအရ ဆိုးရွာစွာ ရန်စမှုတစ်ခုအဖြစ် မှတ်ယူကြောင်း ကင်ယိုဂျုံက ပြောကြားခဲ့သည်။

“အမေရိကန်အနေနဲ့ မြောက်ကိုရီးယားကို လက်နက်ဖျက်သိမ်းစေဖို့ ဘယ်လိုပဲ ကြိုးစားနေပါစေ၊ မြောက်ကိုရီးယားရဲ့ ကိုယ့်ကိုယ် ကိုယ် ခုခံကာကွယ်ခွင့်ကို ဘယ်တော့မှ ပိတ်ပင်နိုင်မှာမဟုတ်ဘဲ မြောက်ကိုရီးယားဆန့်ကျင်မှုတွေကို ပိုပြီးလုပ်လေလေ၊ ဆိုးရွားတဲ့ လုံခြုံရေးအကျပ်အတည်းတွေကို ပိုပြီး ရင်ဆိုင်ရလေလေဖြစ်မှာကို သိရှိနားလည်သင့် ပါတယ်}}ဟု ကင်ယိုဂျုံက ပြောကြားခဲ့သည်။

နိုဝင်ဘာ ၂၁ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးသည် နိုဝင်ဘာ ၁၈ ရက်က မြောက်ကိုရီးယား၏ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုအပေါ် တုံ့ပြန်ရန် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 မြောက်ကိုရီးယားသည် နိုဝင်ဘာ ၁၈ ရက်က Hwasong - 17 အမည်ရှိ ၎င်း၏ အင်အားအပြင်းဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု ကြေညာခဲ့ပြီး ယင်းဒုံးကျည်သည် အမေရိကန်၏ ပင်မနယ်မြေအထိ ရောက်ရှိနိုင်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

လုံခြုံရေးကောင်စီအစည်းအဝေးအတွင်း အမေရိကန်နှင့် ၎င်း၏မဟာမိတ်များက ယင်းဒုံးကျည်ပစ်လွှတ်မှုကို ပြင်းထန်စွာ ရှုတ်ချခဲ့ပြီး မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်စီမံကိန်းများကို ကန့်သတ်ရန်အတွက် အရေးယူလုပ်ဆောင်ရန် တိုက်တွန်းခဲ့သည်။

သို့သော်လည်း မြောက်ကိုရီးယား၏အဓိကမဟာမိတ်များဖြစ်ပြီး ဗီတိုအာဏာများရှိသည့် တရုတ်နှင့် ရုရှားကမူ မြောက်ကိုရီးယားအပေါ် ဖိအားအသစ်များနှင့် ပိတ်ဆိုမှုအသစ်များချမှတ်ရန် ကန့်ကွက်ခဲ့သည်။


READ NEXT
Cancel OK