Top News

ရုရှားသည် ဆောင်းရာသီအအေးဒဏ်ကို ဖျက်အားပြင်းလက်နက်တစ်ခုသဖွယ်အသုံးချနေသည်ဟု ယူကရိန်းသမ္မတဇယ်လန်စကီး ပြောကြား
24htopnews | January 3, 2025 7:12 AM CST

ရုရှားသည် ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို တိုက်ခိုက်နေခြင်းအားဖြင့် ယခုနှစ်ဆောင်းရာသီအအေးဒဏ်ကို ဖျက်အားပြင်းလက်နက်တစ်ခုအဖြစ် အသုံးချရန် ကြိုးပမ်းနေသည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးက နိုဝင်ဘာ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

“ရုရှားအစိုးရဟာ အခုနှစ် ဆောင်းရာသီရဲ့ အအေးဒဏ်ကို ဖျက်အားပြင်းလက်နက်တစ်ခုအဖြစ် ပြောင်းလဲပစ်ဖို့ ဆန္ဒရှိနေပါတယ်”ဟု ဇယ်လန်စကီးက ပြင်သစ်နိုင်ငံ၏ မြို့တော်ဝန်များနှင့် ဗီဒီယိုဆက်သွယ်မှုဖြင့် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

“အခုနှစ် ဆောင်းရာသီမှာ အသက်ရှင်သန်ဖို့နဲ့  ဆောင်းရာသီရဲ့ အအေးဒဏ်ကို ထိတ်လန့်ဖွယ်ကောင်းပြီး အညံ့ခံစေလိုတဲ့ ယန္တရားတစ်ခုအဖြစ် အသွင်ပြောင်းနေတဲ့ ရုရှားကို ဟန့်တားဖို့ ကျွန်တော်တို့ အများကြီး လုပ်ဆောင်ဖို့ လိုပါတယ်”ဟု ဇယ်လန်စကီးက ပြောကြားခဲ့သည်။

ထို့ပြင် ယူကရိန်းနိုင်ငံအား မီးစက်များ၊ မိုင်းရှင်းလင်းရေးစစ်ဆင်ရေးများအတွက် ကူညီထောက်ပံ့မှုများနှင့် ယူကရိန်း အရေးပေါ်ဌာနများနှင့် ဆေးတပ်ဖွဲ့များအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးရန်လည်း ဇယ်လန်စကီးက ပြင်သစ်မြို့ တော်ဝန်များအသင်းကို တိုက်တွန်းခဲ့သည်။

“ကျွန်တော်တို့ရဲ့ မြို့တွေ၊ ရပ်ကွက်တွေမှာ အကြမ်းဖက်မှုကို ဆန်ကျင်ဖို့နဲ့ ကူညီထောက်ပံ့မှုတွေပေးဖို့ ကျွန်တော်တိုက်တွန်းပါတယ်”ဟု ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ကမ္ဘာ့ရာဇဝတ်မှု တရားမမျှတမှုဆိုင်ရာသံအမတ် ဘတ်ဗင်ရှက်ကလည်း ရုရှားသည် ယူကရိန်းတွင် စစ်ရာဇဝတ်မှုများကို စနစ်တကျကျူးလွန်နေသည်ဟု နိုဝင်ဘာ ၂၁ ရက် ပြောကြားခဲ့သည်။

ဗင်ရှက်သည် စစ်ရာဇဝတ်မှုများနှင့် အခြားသော ရက်စက်ကြမ်းကြုတ်မှုများကို စုံစမ်းစစ်ဆေးသည့် ကမ္ဘာ့အဖွဲ့အစည်းများကို ကိုယ်စားပြုနေသူဖြစ်ပြီး မျက်မှောက်အခြေအနေကို နုယင်ဘတ်ပုံစံသစ်ဟု ခေါ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဂျာမနီ မြို့ကြီးနုယင်ဘတ်၌ စစ်ရာဇဝတ်မှုများကို စီရင်ခဲ့ပုံအား ၎င်းက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှား၏ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခံနေရသည့် အခြေအနေတွင် ယူကရိန်း၏ ဓာတ်အားပေးပို့မှုများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး သန်းနှင့်ချီသည့် ယူကရိန်းပြည်သူများသည် အန္တရာယ်နှင့် ရင်ဆိုင်နေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က နိုဝင်ဘာ ၂၁ ရက်တွင် သတိပေးခဲ့သည်။

ရုရှားသည် ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို အဆက်မပြတ် တိုက်ခိုက်ခဲ့သဖြင့် ယူကရိန်းနိုင်ငံတစ်ဝန်းရှိ သန်းနှင့်ချီသည့် ပြည်သူများမှာ အပူချိန်များ ကျဆင်းလာသည့် ဆောင်းရာသီတွင် လျှပ်စစ်ဓာတ်အားများမရှိဘဲ နေထိုင်နေရသည်။

“ဆောင်းရာသီဟာ ယူကရိန်းပြည်သူတွေရဲ့ အသက်ရှင်ရပ်တည်နိုင်မှုအတွက် ပြဿနာတစ်ခုဖြစ်လာနိုင်ပြီး သန်းနဲ့ချီတဲ့ ယူကရိန်းပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ခြိမ်းခြောက်လာပါလိမ့်မယ်”ဟု WHO ၏ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဟန်းစ် ကလော့ဂ်က နိုဝင်ဘာ ၂၁ ရက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။


READ NEXT
Cancel OK