Top News

တောင်ကိုရီးယားသမ္မတသည် အရူးအနှမ်းဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင်၏ ညီမဖြစ်သူ ကင်ယိုဂျုံ ပြင်းထန်စွာဝေဖန်
24htopnews | January 3, 2025 7:12 AM CST

မြောက်ကိုရီးယား၏ သြဇာကြီးမားသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကာ ခေါင်းဆောင်ကင်ဂျုံအွန်၏ ညီမလည်းဖြစ်သည့် ကင်ယိုဂျုံက တောင်ကိုရီးယားသမ္မတနှင့် တောင်ကိုရီးယားအစိုးရသည် အရူးအနှမ်းများဖြစ်ပြီး အမေရိကန်၏ သစ္စာစောင့်ခွေးဖြစ်သည်ဟု ဝေဖန်ပြောကြားခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် မီဒီယာက နိုဝင်ဘာ ၂၄ ရက်တွင် ဖော်ပြခဲ့သည်။

မကြာသေးမီက မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုများအပေါ် ဒဏ်ခတ်အရေးယူမှုအသစ်များ ချမှတ်ရန် စဉ်းစားနေသည်ဟု တောင်ကိုရီးယားက ယခုသီတင်းပတ်ထဲတွင် ပြောကြားခဲ့ပြီးနောက် ၎င်းက ယခုကဲ့သို့ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ခြင်းဖြစ်သည်။

“တောင်ကိုရီးယားဟာ အမေရိကန်ရဲ့ သစ္စာစောင့်ခွေးတစ်ကောင်ဖြစ်သလို လက်ကိုင်တုတ်ဖြစ်နေတယ် ဆိုတာကို အဲဒီလိုစက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်က ရှင်းရှင်းလင်းလင်း ပြသနေတယ်”ဟု ကင်ယိုဂျုံက ပြောကြားခဲ့ကြောင်း KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

“တောင်ကိုရီးယားက မိမိတို့အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အဆင်ခြင်မဲ့စွာ လုပ်ဆောင်နေတဲ့လုပ်ရပ်ဟာ အမေရိကန်က ချကျွေးတဲ့ အရိုးတစ်ချောင်းကိုကိုက်ပြီး ပြေးလွှားနေတဲ့ တောခွေးတစ်ကောင်ရဲ့ အသွင်သဏ္ဌာန်နဲ့ ထူးမခြားနားပါပဲ”ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုသည် အန္တရာယ်ရှိတဲ့ အခြေအနေကို ဖန်တီးနေသည်ဟု ပြောကြားခဲ့ပြီး ၎င်းသည် သဘောထားပိုမိုပျော့ပျောင်းသည့် ယခင်တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းကဲ့သို့ မဟုတ်ကြောင်းလည်း ကင်ယိုဂျုံက ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ရန်စသည့်လုပ်ရပ်တစ်ခုခုကို မလုပ်ဆောင်မီ ယင်းကဲ့သို့ ကြေညာချက်များ ထုတ်ပြန်လေ့ရှိကာ ၎င်းတို့အနေဖြင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့အား မကြာမီ အင်အားပြသသည့် လုပ်ရပ်မျိုး လုပ်ဆောင်လာနိုင်သည်ဟု ဆိုးလ်မြို့ရှိ University of North Korean Studies မှ ပါမောက္ခတစ်ဦးဖြစ်သူ ယန်မူဂျင်းက ပြောကြားသည်။

နျူကလီးယားလက်နက် ပိုင်ဆိုင်သော မြောက်ကိုရီးယားသည် မကြာသေးမီ သီတင်းပတ်များအတွင်း ဒုံးလက်နက် စမ်းသပ်မှုများကို စံချိန်တင်လောက်အောင်ပင် အဆက်မပြတ် ပြုလုပ်ခဲ့ပြီး နိုဝင်ဘာ ၁၈ ရက်ကလည်း အကဲခတ်များက မကောင်းဆိုးဝါးဒုံးကျည်ဟု အမည်ပေးထားသည့် ဟွာဆုန်-၁၇ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့ကာ အဆိုပါ ဒုံးကျည်စမ်းသပ်မှုကို ခေါင်းဆောင် ကင်ဂျုံအွန်ကိုယ်တိုင် ကြီးကြပ်ခဲ့သည်။ မြောက်ကိုရီးယားသည် ခုနစ်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကို လုပ်ဆောင်ဖွယ်ရှိကြောင်းလည်း အမေရိကန်နှင့် တောင်ကိုရီးယားတို့မှ တာဝန်ရှိသူများနှင့် အကဲခတ်များက သတိပေးထားသည်။

သမ္မတယွန်းဆော့ယိုအား ကင်ယိုဂျုံက ရင့်သီးစွာ ဝေဖန်ပြောဆိုမှုများအပေါ် တောင်ကိုရီးယားဘက်ကလည်း အလျင်အမြန် တုံ့ ပြန်ခဲ့ပြီး မိမိတို့နိုင်ငံ၏ ခေါင်းဆောင်ဖြစ်သူအား ရိုင်းပျစွာဝေဖန်ပြောဆိုခဲ့သည့်အပေါ် အလွန်ပင် စက်ဆုပ်မိကြောင်းနှင့် ကျင့်ဝတ် သိက္ခာကင်းမဲ့သည့် အပြုအမူဖြစ်ကြောင်း တောင်ကိုရီးယားဘက်က ကြေညာချက်ထုတ်ပြန်ကာ ရှုတ်ချခဲ့သည်။         


READ NEXT
Cancel OK