Top News

ရုရှားကို အကြမ်းဖက်နိုင်ငံဟု ဥရောပပါလီမန်ကကြေညာခြင်းအားတုံ့ပြန်သည့်အနေဖြင့် ရုရှားကယူကရိန်း မဟာဓာတ်အားလိုင်းကို တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်
24htopnews | January 3, 2025 7:12 AM CST

မြို့တော်ကိယက်ဗ်အပြင်ဘက်ရှိ ဗွိုက်ရှ်ဂိုရော့မြို့ကို ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ပြီးနောက် မြင်ရသောမြင်ကွင်းကို နိုဝင်ဘာ ၂၃ ရက်တွင် တွေ့ရစဉ် (Photo – AP)

လောလောလတ်လတ် ရုရှားတိုက်ခိုက်မှုများက ယူကရိန်း၏ မဟာဓာတ်အားလိုင်းကို ပြတ်တောက်စေခဲ့ပြီး ယူကရိန်းနိုင်ငံတစ်ဝန်းတွင်လည်းကောင်း၊ အိမ်နီးချင်း မောလ်ဒိုဗာတွင်လည်းကောင်း လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများကို ဖြစ်ပေါ်စေခဲ့ရာ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်းစကီးက အဆိုပါတိုက်ခိုက်မှုများမှာ လူသားကို ဆိုးဆိုးရွားရွားရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ကုလသမဂ္ဂကို ပြောကြားခဲ့သည်။

ရုရှား၏ သီတင်းပတ်ပေါင်းများစွာတိုက်ခိုက်မှုကြောင့် ယူကရိန်းစွမ်းအင်စနစ်မှာ စုတ်ပြတ်သတ်လျက်ရှိပြီး ပြည်သူသန်းပေါင်းများစွာမှာ အချိန်ကြာကြာ လျှပ်စစ်ဓာတ်အား မရသည့်အနေအထားဖြစ်နေသည်။ ထို့ကြောင့် ယခု ဆောင်းရာသီတွင် ယူကရိန်း၏ ဦးစားပေးမှာ ဆက်လက်အသက်ရှင်ရေးဖြစ်လိမ့်မည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတိပေးထားသည်။

ရုရှားတပ်ဖွဲ့များသည် နိုဝင်ဘာ ၂၃ ရက်တွင် နိုင်ငံတစ်ဝန်းရှိ ပစ်မှတ်များကို ခရုစ်ဒုံးကျည် ၇၀ ဝန်းကျင်ဖြင့် ပစ်ခဲ့ပြီး ဒရုန်းများကိုလည်း ဖြန့်ကြက်ထားသည်ဟု ယူကရိန်း စစ်တပ်က ပြောကြားသည်။

ယင်းတိုက်ခိုက်မှုများက ယူကရိန်းမဟာ ဓာတ်အားလိုင်းကို ဖိအား စုပြုံကျရောက်စေခဲ့ပြီး နိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသတို့တွင် ဓာတ်အားပေးပို့မှုများကို ကမောက်ကမ ဖြစ်စေခဲ့သည့်အပြင် မြို့တော် ကိယက်ဗ်၌လည်း ရေနှင့် လျှပ်စစ်ဓာတ်အားပြတ်တောက် မှုများ ဖြစ်ပေါ်နေသည်။

“ကျွန်တော်တို့ဟာ အပူချိန်သုည အောက်ကို ရောက်နေတဲ့အခါ လူသန်းပေါင်းများစွာ  စွမ်းအင်မရှိ၊ ရေမရှိ၊ အပူပေးစနစ် မရှိဖြစ်နေပါတယ်။ ဒါဟာ လူသားကို အလွန် ဆိုးရွားတဲ့ ရာဇဝတ်မှုကျူးလွန်တာ ဖြစ်ပါတယ်”ဟု ဇယ်လန်းစကီးက ဗီဒီယိုလင့်ခ်မှတစ်ဆင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို နိုဝင်ဘာ ၂၃ ရက် နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

တိုက်ခိုက်မှုများကြောင့် လူအချို့သေဆုံးခဲ့ရပြီး နျူကလီးယားစွမ်းအင်သုံးဓာတ်အားပေးစက်ရုံသုံးခုကို အဆက်ပြတ်တောက်စေခဲ့သည်ဟု ယူကရိန်းတာဝန်ရှိသူများက ပြောကြားသည်။

နောက်ဆုံးရုရှားတိုက်ခိုက်မှုများသည် ရုရှား၏ ကိုးလကြာယူကရိန်းကျူးကျော်မှုနှင့် ပတ်သက်၍ ဥရောပပါလီမန်က ရုရှားကို “အကြမ်းဖက်ဝါဒ၏ နိုင်ငံတော်စပွန်ဆာ”အဖြစ်အသိအမှတ်ပြုရန် ဆုံးဖြတ်ချက်ကို တုံ့ပြန်မှုဖြစ်သည်ဟု ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဒီမိုင်ထရိုကူလီဘာက ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ(အီးယူ) ၂၇ နိုင်ငံကလည်း ဥရောပပါလီမန်အတိုင်း လိုက်လံလုပ်ဆောင်ရန် ဥရောပပါလီမန်က ဆော်သြထားသည်။

ယူကရိန်းစွမ်းအင်စနစ်ကို ရုရှားတိုက်ခိုက်မှုများသည် လူသားချင်းစာနာမှုဆိုင်ရာဥပဒေကို ပြတ်ပြတ်သားသားချိုးဖောက်မှုဖြစ်သည်ဟု ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအ မတ်က ပြောကြားသည်။

“စစ်ပွဲရှုံးတော့မယ့်အနေအထားမှာ အကြမ်းဖက်မှုကို မျိုးစေ့ချတယ်ဆိုတဲ့ ရည်ရွယ်ချက်ဟာ ရှင်းနေပါတယ်”ဟု ပြင်သစ်သံအမတ်နီကိုလက်စဒီရီဗီယာရီက နိုဝင်ဘာ ၂၃ ရက်တွင် လုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်။ “အဲ့ဒီလက်တု့့ံပြန်မှုတွေကို ဆက်လက် လုပ်ဆောင်နေတာဟာ သည်းခံလို့မရနိုင်ပါဘူး”ဟု ၎င်းက လုံခြုံရေးကောင်စီကို ပြောကြားခဲ့သည်။


READ NEXT
Cancel OK