Top News

တူရကီက ဆီးရီးယားမြောက်ပိုင်းရှိ အယ်လ်ဟိုးထိန်းသိမ်းရေးစခန်းကို တိုက်ခိုက်ဟု ကာ့ရှ်တပ်ဖွဲ့က ထုတ်ပြန်
24htopnews | January 3, 2025 7:12 AM CST

နိုဝင်ဘာ ၂၃ ရက်က တူရကီတိုက်ခိုက်မှုများသည် ဆီးရီးယားမြောက်ပိုင်း၏ အယ်လ်ဟိုးထိန်းသိမ်းရေးစခန်းကို ထိန်းချုပ်ထားသော ကာ့ရှ်တပ်ဖွဲ့အား ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ပြီး အဆိုပါထိန်းသိမ်းရေးစခန်းတွင် ဂျီဟတ်များဟု ယူဆရသူများ၏ ဆွေမျိုးများအပါအဝင် လူ ၅၀,၀၀၀ ကျော်ရှိသည်ဟု ကာ့ရှ်တပ်ဖွဲ့များနှင့် စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့တစ်ဖွဲ့တို့က ပြောကြားခဲ့ကြသည်။

“တူရကီလေယာဉ်တွေဟာ ကာ့ရှ်အဆာယက်လုံခြုံရေးတပ်ဖွဲ့တွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပါတယ်။ ထိန်းသိမ်းရေးစခန်းရဲ့အတွင်းပိုင်းကို ငါးကြိမ်တိုက်ခိုက်ခဲ့ပါတယ်”ဟု ကာ့ရှ်ဦးဆောင်သော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) ကိုယ်စား ပြောရေးဆိုခွင့်ရှိသူ ဖာဟက်ရှမီက ပြောကြားသည်။

ဗြိတိန်အခြေစိုက်စစ်ပွဲစောင့်ကြည့်ရေးအဖွဲ့ဖြစ်သော လူ့အခွင့်အရေးများအတွက် ဆီးရီးယားစောင့်ကြည့်ရေးအဖွဲ့ကမူ တိုက်ခိုက်မှုများသည် စခန်း၏အတွင်းပိုင်းကို စောင့်ကြပ်နေသော တပ်ဖွဲ့များအား ပစ်မှတ်ထားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများကြောင့် စခန်းထဲတွင် နေထိုင်သူများ ဝရုန်းသုန်းကားဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ထိခိုက်သေဆုံးမှု သတင်းများကို ချက်ချင်းမသိရသေးပေ။

အယ်လ်ဟိုး၏ ထိန်းသိမ်းခံထားရသူများထဲတွင် နိုင်ငံတစ်ဒါဇင်မှ နိုင်ငံခြားသား ၁၀,၀၀၀ ကျော်ပါဝင်သည်။

လူများပြည့်ကျပ်နေသော စခန်းသည်  အိမ်ရာစွန့်ခွာပြေးလာကြသော ဆီးရီးယားများနှင့် အီရတ်ဒုက္ခသည်များ နေထိုင်ရာနေရာဖြစ်သည်။

ယခုစခန်းသည် အမေရိကန်ဦးဆောင်သောညွှန့်ပေါင်းက ကျောထောက်နောက်ခံပေးထားသော ကာ့ရှ်တပ်ဖွဲ့များက ၂၀၁၉ ခုနှစ်တွင် ဆီးရီး ယားနယ်မြေထဲမှ IS နောက်ဆုံးအကြွင်းအကျန်များကို တိုက်ခိုက်ခဲ့ပြီးနောက် ပြေးလာကြသော နေရပ်စွန့်ခွာသူများအတွက် အကြီးဆုံးစခန်းဖြစ်သည်။

ဂျီဟတ်များ၏ဆွေမျိုးများစခန်းမှ ထွက်ပြေးရန် ကြိုးစားဖွယ်ရှိသည်ဟု SDF က သတိပေးထားသည်။

နိုဝင်ဘာ ၁၃ ရက်က အစ္စတန်ဘူလ်မြို့တွင် လူခြောက်ဦးသေဆုံးခဲ့သောဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် Operation Claw-Sword ၏ အစိတ်အပိုင်းအဖြစ် အန်ကာရာသည် နိုဝင်ဘာ ၂၁ ရက်တွင် အီရတ်နှင့် ဆီး ရီးယားတို့၏ ဒေသများကို လေကြောင်းစစ်ဆင်ရေးလုပ်ဆောင်ခဲ့သည်။

ဆီးရီးယားနှင့် ထိစပ်နေသည့် မိမိတို့၏ နယ်မြေကို ကာ့ရှ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများမှ ပိုမိုလုံခြုံစေရန် ပိုင်းဖြတ်ထားသည်ဟု နိုဝင်ဘာ ၂၃ ရက်တွင် တူရကီက ပြောကြားခဲ့ပြီး အဆင်အပြေဆုံးအချိန်တွင် မြေပြင်စစ်ဆင်ရေးကို လုပ်ဆောင်မည်ဟုလည်း ခြိမ်းခြောက်ထားသည်။

မိမိတို့သည် ကာ့ရှ်အလုပ်သမားများပါတီ (PKK) ၏ နောက်ကျော အခြေစိုက်စခန်းများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု အန်ကာရာက ပြောကြားသည်။ PKK သည် ဥရောပသမဂ္ဂ(အီးယူ)နှင့် အမေရိကန်ပြည်ထောင်စုတို့က အကြမ်းဖက်အုပ်စုအဖြစ် နာမည်ပျက် စာရင်းသွင်းထားရသောပါတီဖြစ်သည်။ SDF ကို လွှမ်းမိုးထားသောဆီးရီးယားကာ့ရှ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPG) ကလည်း PKK ကို နာမည်ပျက်စာရင်းသွင်းထားသည်။

ဆီးရီးယားမြောက်ပိုင်းတွင် တင်းမာမှု ချက်ချင်းလျှော့ချရန် အမေရိကန်ပြည်ထောင်စုက နိုဝင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားမြောက်ပိုင်းကို မတည်မငြိမ်ဖြစ်စေသော မကြာမီက စစ်ဆင်ရေးကို မိမိတို့ အလွန်အမင်းစိုးရိမ်းကြောင်း ထုတ်ပြန်ချက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။


READ NEXT
Cancel OK