
COVID-19 ရောဂါထိန်းချုပ်ရေး မူဝါဒများနှင့် လုပ်ငန်းခွင် အခြေအနေများအပေါ် iPhone ထုတ်လုပ်သည့် စက်ရုံတစ်ရုံ၌ အဓိကရုဏ်းဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီးနောက် တရုတ်နိုင်ငံအလယ်ပိုင်း ကျင့်ကျိုးမြို့နေ လူခြောက်သန်းကို အာဏာပိုင်များက လော့ဒေါင်းချလိုက်သည်။
ကျင့်ကျိုးမြို့လယ်တွင် နေထိုင်သူများအနေဖြင့် COVID-19 ရောဂါကင်းစင်ကြောင်း ဆေးစစ်ချက်နှင့် အာဏာပိုင်များ၏ ခွင့်ပြုချက်ရမှသာ အဆိုပါဒေသမှ ထွက်ခွာနိုင်မည်ဖြစ်ကာ မလိုအပ်ဘဲ အပြင်မထွက်ကြရန်လည်း ဒေသန္တရအာဏာပိုင်များက နှိုးဆော်ထားသည်။
နိုဝင်ဘာ ၂၅ ရက် ညသန်းခေါင်မှစတင်၍ ငါးရက်ကြာမြင့်မည့် ကန့်သတ်တားမြစ်ချက်များသည် ကျင့်ကျိုးမြို့၏လူဦးရေထက် ဝက်ခန့်ရှိသော လူခြောက်သန်းကျော်ကို သက်ရောက်မှုရှိမည်ဖြစ်သည်။
အဆိုပါ ငါးရက်တာကာလအတွင်း ကျင့်ကျိုးမြို့ရှိ ခရိုင်ရှစ်ခုတွင် နေထိုင်သူများသည် နေ့စဉ်ဆေးစစ်မှု ခံယူရမည်ဖြစ်ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၂၃ ရက် နှောင်း ပိုင်းတွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ကျင့်ကျိုးမြို့ရှိ iPhone ထုတ်လုပ်သည့် စက်ရုံဝင်း၌ အဓိကရုဏ်း ဆန္ဒပြမှုဖြစ်ပွားခဲ့ ပြီးနောက်တွင် ဒေသန္တရ အာဏာပိုင်များက ၎င်းညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုင်ဝမ်နည်းပညာကုမ္ပဏီကြီး Foxconn က ပိုင်ဆိုင်သည့် အဆိုပါစက်ရုံ၏ ဝန်ထမ်းအဆောင်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာခြင်းကြောင့် ၎င်းစက်ရုံသည်လည်း ရောဂါထိန်းချုပ်ရေးဆိုင်ရာ ကန့်သတ်ချက်များ တစ်လကျော်ကြာ ချမှတ်ခံထားရသည်။
အဆိုပါစက်ရုံ၌ ဆိုးရွားသည့်အခြေအနေအောက်တွင် နေထိုင်နေရသည်ဟူသော စွပ်စွဲချက်များ ရှိလာပြီးနောက် ဝန်ထမ်းများ ကြောက်လန့်တကြားဖြင့် ခြေလျင်ထွက်ပြေးနေသည့် ဗီဒီယိုတစ်ခုသည်လည်း ပြီးခဲ့သည့်လက ထွက်ပေါ်လာခဲ့သည်။
ကျင့်ကျိုးမြို့၏ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေသည် ပြင်းထန်ပြီး ရှုပ်ထွေးနေဆဲဖြစ်သည်ဟု အာဏာပိုင်များက နိုဝင်ဘာ ၂၃ ရက်တွင် ပြောကြားသည်။
နိုင်ငံတစ်ဝန်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေ စံချိန်တင်ခဲ့ကာ ကူးစက်သူ ၃၁,၄၅၄ ဦး ရှိခဲ့ကြောင်း အာဏာပိုင်များက နိုဝင်ဘာ ၂၄ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။ လူဦးရေ သန်း ၁,၄၀၀ ရှိသည့် တရုတ်တွင် ထိုပမာဏသည် အလွန်နည်းပါးသည့် ပမာဏဖြစ်သော်လည်း အဓိက မြို့ကြီးတစ်မြို့ဖြစ်သော ရှန်ဟိုင်းကို လော့ဒေါင်းချခဲ့ရသည့် ဧပြီလလယ်၌ ကူးစက်မှု အထွတ်အထိပ်သို့ ရောက်ရှိစဉ်ကထက်ပင် ကျော်လွန်သွားပြီဖြစ်သည်။
ကျင့်ကျိုးမြို့တွင်လည်း ရောဂါကူးစက်ခံရသူ ၆၇၅ ဦး တွေ့ရှိခဲ့ပြီး ၎င်းတို့အနက်မှ အများစုမှာ ရောဂါလက္ခဏာ မပြသူများဖြစ်ကြသည်။ ကျင့်ကျိုးမြို့တွင် ကန့်သတ်မှုများ ချမှတ်ခဲ့ခြင်းသည် သက်ရောက်မှုပြင်းထန်သည့် လော့ဒေါင်းချမှု၊ ခရီးသွားလာမှုအပေါ် ကန့်သတ်မှုနှင့် လူအမြောက်အများကို ဆေးစစ်မှုကဲ့သို့ လုပ်ဆောင်ချက်များ ပါဝင်သော တရုတ်၏ ကိုဗစ်ကင်းစင်ရေးမူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ကူးစက်မှုအနည်းငယ် တွေ့ရှိသည့်တိုင် တစ်မြို့လုံးကို ပိတ်ပင်ကန့်သတ်မှုများ ချမှတ်လေ့ရှိသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်