
ကုလသမဂ္ဂ၏ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေးနေ့မတိုင်မီ အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်တွင် နိုဝင်ဘာ ၂၅ ရက်က ဒါဇင်နှင့် ချီသည့်အမျိုးသမီးများက ၎င်းတို့၏ အခွင့်အရေးများကို အသိအမှတ်ပြုရန် တောင်းဆိုဆန္ဒပြခဲ့ကြသည်။
အာဖဂန်တွင် ပြီးခဲ့သည့်နှစ် သြဂုတ်လက တာလီဘန်တို့ အာဏာပြန်ရလာခဲ့ပြီး ကတည်းက အာဖဂန်အမျိုးသမီးများသည် လူမြင်ကွင်းမှ ဖယ်ထုတ်ခံခဲ့ရသော်လည်း တစ်ခါတစ်ရံတွင် အသေးစားဆန္ဒပြမှုများဖြစ်ပွားခဲ့ကာ ယင်းဆန္ဒပြမှုများမှာ အချိန်အနည်းငယ်အတွင်း လူစုခွဲခံရခြင်း၊ အင်အားသုံး ဖြိုခွင်းခံရခြင်းတို့ ရှိခဲ့သည်။
“ကျွန်မတို့ရဲ့ အခွင့်အရေးအတွက် အဆုံးအထိ တိုက်ပွဲဝင်သွားမယ်။ ကျွန်မတို့ လက်လျှော့ အရှုံးပေးသွားမှာမဟုတ်ပါ”ဟု ရေးသားထားသည့် ဆိုင်းဘုတ်ကို ဆန္ဒပြသူတစ်ဦးက ကိုင်ဆောင်ခဲ့သည်။
ထို့ပြင် “အမျိုးသမီး၊ အခွင့်အရေး၊ စည်းလုံးညီညွတ်ရေး”ဟူသည့် ကြွေးကြော်သံများကိုလည်း ဆန္ဒပြအမျိုးသမီးများက လမ်းလျှောက်ချီတက်စဉ် ဟစ်ကြွေးခဲ့ကြသည်။
ဆန္ဒပြမှုတွင် ပါဝင်သည့် အမျိုးသမီးအများစုသည် နေကာမျက်မှန်များတပ်ထားပြီး ခေါင်းမြီးခြုံဝတ်ရုံများနှင့် နှာခေါင်းစည်းများတပ်ဆင်ကာ ၎င်းတို့၏ မျက်နှာကို ဖုံးကွယ်ထားကြသည်။
တာလီဘန်လက်နက်ကိုင်များက ယင်းဆန္ဒပြမှုကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး ထောက်လှမ်းရေးအရာရှိများတင်ဆောင်ထားသည့် ကားများက ဆန္ဒပြမှုဖြစ်ပွားသည့်နေရာကို ပတ်ပတ်လည်ဝိုင်းထားခဲ့သည်။
ထို့နောက် တာလီဘန်အဖွဲ့သည် ဆန္ဒပြသူ သုံးဦးကို ဖမ်းဆီးခဲ့ပြီး မကြာမီပြန်လွှတ် ပေးခဲ့သည်ဟု ယင်းဆန္ဒပြမှုကို စီစဉ်သူများက ပြောကြားခဲ့သည်။
“တာလီဘန်တွေဟာ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေကို အရမ်းကြောက်လန့်နေပါတယ်။ အဲဒါကြောင့် သူတို့ဟာ အမျိုးသမီးတွေကို ဖမ်းဆီးထောင်ချတာတွေလုပ်ပြီး အမျိုးသမီးတွေ အိမ်ထဲကမထွက်ရဲအောင် လုပ် ဆောင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်”ဟု ဆန္ဒပြမှုကိုစီစဉ်သည့် အမည်မဖော်လိုသည့် အမျိုးသမီးတစ်ဦးက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
“တာလီဘန်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ အာဖဂန်အမျိုးသမီးတွေဟာ လူသားဖြစ်မှုအတွက် အသိအမှတ်ပြုမခံခဲ့ရပါဘူး။ အခုဆိုရင် အမျိုးသမီးတွေဟာ အလုပ်မလုပ်နိုင်၊ ကျောင်းမတက်နိုင်နဲ့ အသက်တောင် ရဲရဲမရှူနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
အာဖဂန်တွင် တာလီဘန်တို့ အာဏာပြန်ရလာပြီးနောက်ပိုင်း အစိုးရဝန်ထမ်း အမျိုးသမီးအများစုသည် အလုပ်ထုတ်ခံခဲ့ရခြင်း သို့မဟုတ် နေအိမ်မှအလုပ်လုပ်ပြီး လစာငွေအနည်းငယ်သာရခြင်း အစရှိသည့် အခြေအ နေများနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ပြင် အမျိုးသမီးများသည် ခရီးသွားမည်ဆိုပါက ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦးမပါဘဲ သွားလာခွင့်တားမြစ်ခံခဲ့ရပြီး နေအိမ်အပြင်ဘက်တွင်ရှိနေချိန်တွင် ခေါင်းမြီးခြုံဝတ်ရုံရှည်ကို ဝတ်ဆင်ရမည်ဟု တာလီဘန်တို့က စည်းကမ်းထုတ်ပြန်ခဲ့သည်။
ယခုလအတွင်း တာလီဘန်တို့သည် အမျိုးသမီးများကို ပန်းခြံများ၊ ပျော်ပွဲရွှင်ပွဲများ၊ အားကစားခန်းမများနှင့် အများပြည်သူသုံး ရေချိုးခန်းများသို့ ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့သည်။
ထို့ပြင် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်း အများစုတွင် ဆယ်ကျော်သက်အရွယ် မိန်းကလေးများကို ကျောင်းတက်ခွင့်ပိတ်ပင်ခဲ့ပြီး အမျိုးသမီးများသည် မိုဘိုင်းဖုန်းဆင်းမ်ကဒ်များပင် ဝယ်ယူခွင့်ရတော့မည်မဟုတ်ကြောင်း အူရူဇ်ဂန်ပြည်နယ်မှ ဆက်သွယ်ရေးအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။ Ref: AFP
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်