
နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပြီးနောက် အိန္ဒိယ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူအရေအတွက်စုစုပေါင်းမှာ သြဂုတ် ၇ ရက်တွင် နှစ်သန်းကျော်သွားခဲ့သည်။
ကမ္ဘာပေါ်တွင် လူဦးရေ ဒုတိယမြောက်အများဆုံး နိုင်ငံဖြစ်သော အိန္ဒိယ၌ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း ဆက်လက်မြင့်တက်နေဦးမည်ဟု ခန့်မှန်းရပြီး လွန်ခဲ့သည့် သီတင်းသုံးပတ်အတွင်းကပင် နိုင်ငံတွင်း၌ ရောဂါပိုးကူးစက်ခံရသူအရေအတွက် စုစုပေါင်း တစ်သန်းကျော်သွားခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် အိန္ဒိယ၌ ဗိုင်းရပ်စ်ကူးစက်သူအရေအတွက်စုစုပေါင်း ၂.၀၃ သန်းရှိသည့်အနက် သေဆုံးသူ ၄၁၆၀၀ နီးပါးရှိကြောင်း တရားဝင်ထုတ်ပြန်ထားသော ကိန်းဂဏန်းများအရ သိရသည်။
လူဦးရေ ၁.၃ ဘီလျံရှိသော အိန္ဒိယ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် အမှန်သည် တရားဝင်ထုတ်ပြန်ထားသော အရေအတွက်ထက် ပိုမိုများပြားနိုင်ဖွယ်ရှိကြောင်း ပါရဂူများက ခန့်မှန်းထားကြသည်။
အိန္ဒိယတွင်နိုင်ငံသားတစ်ဦးချင်းအလိုက် ကျန်းမာရေးစောင့်ရှောက်ပေးမှု
အတွက် ငွေကြေးသုံးစွဲမှုမှာ နိုင်ငံတကာနှင့်ယှဉ်ပါက အားနည်းနေသည်။ အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီ၏အစိုးရအဖွဲ့က မတ်လနှောင်းပိုင်း တွင် တစ်နိုင်ငံလုံးအနှံ့ Lockdown ချခဲ့သော်လည်း သန်းနှင့်ချီသော ရွှေ့ပြောင်းလုပ်သားများ ချက်ချင်းအလုပ်အကိုင် ဆုံးရှုံးခဲ့ကြခြင်းနှင့်အတူ အာရှ၏ စီးပွားရေးအင်အား တတိယအကြီးဆုံးဖြစ်သော အိန္ဒိယစီးပွားရေး ယိမ်းယိုင်လာခြင်းကြောင့် ပိတ်ပင်ကန့်သတ်ချက်များကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးခဲ့သည်။
ပြီးခဲ့သည့်လတွင် ဘန်ဂလိုမြို့၊ ဘီဟာပြည်နယ်၊ တမီလ်နာဒူပြည်နယ် နယ်မြေတစ်စိတ်တစ်ပိုင်းအပါအဝင် ပြည်နယ်နှင့် မြို့တစ်ခုချင်းစီကို သီးခြား Lockdown ချခြင်းများ လုပ်ဆောင်ခဲ့သည်။
အစောပိုင်းက နယူးဒေလီမြို့၊ မွမ်ဘိုင်းမြို့သည် ရောဂါကူးစက်မှု အဓိကဖြစ်ပွားရာ မြို့များအဖြစ် ရှိခဲ့သော်လည်း ယခုအချိန်တွင်မူ အိန္ဒိယနိုင်ငံသား ၇၀ ရာခိုင်နှုန်း နေထိုင်သည့် မြို့ငယ်များနှင့် ကျေးလက်ဒေသများတွင် ကူးစက်မှုသိသိသာသာ မြင့်တက်လာနေသည်ကို တွေ့မြင်ရသည်။
အိန္ဒိယတွင် လူတစ်သန်းလျှင် လူ ၁၆၅၀၀ ဝန်းကျင်ကိုသာ ရောဂါပိုးစမ်းသပ်စစ်ဆေးမှု လုပ်ဆောင်ထားပြီး အမေရိကန်တွင် လူ ၄၉၀၀၀၀ ကို ရောဂါစမ်းသပ်မှုလုပ် ဆောင်ထားကြောင်း Worldometer မှ စာရင်းပြုစုထားမှုအရ သိရသည်။
ပြီးခဲ့သည့်သီတင်းပတ်က လုပ်ဆောင်ခဲ့သော ကိုရိုနာဗိုင်းရပ်စ် ပဋိပစ္စည်းစမ်းသပ်စစ်ဆေးမှု လေ့လာတွေ့ရှိချက်တွင် မွမ်ဘိုင်းမြို့ရှိ ဆင်းရဲသားရပ်ကွက်များ၌ နေထိုင်သူ ၅၇ ရာခိုင်နှုန်းခန့် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်းကို ဖော်ပြထားသည်။ ဇူလိုင်တွင် လုပ်ဆောင်ခဲ့သော အလားတူ စစ်ဆေးမှု၌လည်း မြို့တော်နယူးဒေလီတွင်နေထိုင်သူ လေးပုံတစ်ပုံနီးပါး ဗိုင်းရပ်စ်ကူးစက်ခံထား ရသည်ကို ညွှန်ပြခဲ့သည်။
မြို့ငယ်များနှင့် ကျေးလက်ဒေသများတွင် ပြည်သူများသည် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ လူစုလူဝေးရှောင်ရှားခြင်းနှင့် သက်ဆိုင်သော လမ်းညွှန်ချက်များအား လျစ်လျူရှုနေကြသည်ကို အထောက်အထားများက ညွှန်ပြနေသည်။
မကြာသေးမီသီတင်းပတ်များအတွင်း မုတ်သုံရာသီရေကြီးမှုများဖြစ်ပွားခဲ့ခြင်းက နိုင်ငံတွင်း၌ ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ဆောင်မှုများကို အဟန့်အတားဖြစ်စေခဲ့သည်။ အိန္ဒိယသည် အမေရိကန်နှင့် ဘရာဇီး ပြီးပါက ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်မှု တတိယမြောက်အမြင့်ဆုံး နိုင်ငံဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်