Top News

အိန္ဒိယတောင်ပိုင်းတွင် ခရီးသည်တင်လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်စဉ် ပျက်ကျခဲ့ပြီး လူ ၁၈ ဦး သေဆုံး
24htopnews | January 3, 2025 6:12 AM CST

မိုးသက်လေပြင်း ကျရောက်နေစဉ် အိန္ဒိယနိုင်ငံတောင်ပိုင်း Kozhikode မြို့၏ လေဆိပ်သို့ ခရီးသည် ၁၉၀ လိုက်ပါလာသော လေယာဉ်တစ်စင်း အရေးပေါ်ဆင်းသက်စဉ် ပျက်ကျခဲ့ပြီး လူ ၁၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အိန္ဒိယတာဝန်ရှိသူများက သြဂုတ် ၈ ရက်တွင် ပြောကြားခဲ့သည်။

Air India Express လေကြောင်းလိုင်းမှ Boeing 737 ခရီးသည်တင်လေယာဉ်သည် ကပ်ရောဂါကြောင့် နေရပ်သို့ မပြန်နိုင်ကြသော ဒူဘိုင်းရောက် အိန္ဒိယနိုင်ငံသားများအား နိုင်ငံတွင်းသို့ ပြန်လည်ခေါ်ယူရန်အတွက် အထူးခရီးစဉ် ပျံသန်းပြေးဆွဲနေခြင်းဖြစ်ကာ အဆိုပါလေယာဉ်သည် သြဂုတ် ၇ ရက်နှောင်းပိုင်းတွင် ကေရာလာပြည်နယ် Kozhikode ရှိ လေဆိပ်ပြေးလမ်းပေါ်သို့ ဆင်းသက်ချိန်အတွင်း ပြေးလမ်းကို လွန်ထွက်သွားခဲ့ပြီး ပြေးလမ်းအဆုံးရှိ ၃၅ ပေ အမြင့်ရှိသည့် ဆင်ခြေလျှောတစ်လျှောက် ထိုးစိုက်ကျဆင်းသွားခဲ့ပြီးနောက် လေယာဉ်ကိုယ်ထည်သည် နှစ်ပိုင်းကျိုးသွားခဲ့သည်။

ပျက်ကျမှုဖြစ်ပွားပြီးနောက်တွင် လေယာဉ်ဆီ ယိုစိမ့်ခဲ့သော်လည်း လေယာဉ်တွင် မီးစွဲလောင်မှု မဖြစ်ပွားခဲ့ခြင်းသည် အံ့ဖွယ်ဖြစ်ကြောင်း၊ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း လေယာဉ်ပျက်ကျသည့်နေရာသို့ ရောက်ရှိနေသော အရေးပေါ်ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“ လေယာဉ်ပျက်ကျမှု ဖြစ်ပွားပြီးတဲ့နောက်မှာ လေယာဉ်ရဲ့ အရေးပေါ်ထွက်ပေါက်တံခါးက ပွင့်သွားပါတယ်။ ကျွန်တော် အဲ့ထွက်ပေါက်ကနေ ထွက်ခဲ့တာ။ လေယာဉ် ဦးပိုင်းကတော့ လုံးဝပျက်စီးသွားတာပါ” ဟု Boeing 737 လေယာဉ်တွင် လိုက်ပါလာသည့် အသက် ၃၄ နှစ်အရွယ် ခရီးသည်တစ်ဦးက ဆိုသည်။

လေယာဉ်မတော်တဆမှုဖြစ်ရပ်အတွင်း လူ ၁၈ ဦးသေဆုံးခဲ့ပြီး သေဆုံးသူများထဲတွင် လေယာဉ်မှူး နှစ်ဦး၊ အသက် ၁၀ လနှင့် ၁၈ လအရွယ် ရင်ခွင်ပိုက်ကလေးငယ် နှစ်ဦးပါဝင်ကြောင်း ဆေးရုံမှတ်တမ်းအရ သိရသည်။ လူ ၁၂၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူ ၁၅ ဦးထက်မနည်းမှာ အခြေအနေစိုးရိမ်ရသည်ဟု ဆရာဝန်များက ဆိုသည်။

မကြာသေးမီရက်များအတွင်း ကေရာလာပြည်နယ်၌ ရေကြီးမှုများ ဆိုးဆိုးရွားရွား ဖြစ်ပွားထားပြီး ထိုခရီးသည်တင်လေယာဉ် ဆင်းသက်ချိန်တွင် Kozhikode မြို့၌ နာရီပေါင်းများစွာကြာ မိုးအဆက်မပြတ် ရွာသွန်းနေကြောင်း သိရသည်။

Boeing 737 လေယာဉ်သည် မပျက်ကျမီအချိန်တွင် လေထဲ၌ နှစ်ကြိမ်တိုင်တိုင် ပတ်ဝဲပျံသန်းခဲ့ပြီးမှ ပြေးလမ်းပေါ်သို့ စတင်ဆင်းသက်ခဲ့သည်ဟု လေယာဉ်ပျံသန်းမှုကို ခြေရာခံသည့် ဝက်ဘ်ဆိုက်မှ ဖော်ပြချက်နှင့် လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေးတာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ အိန္ဒိယသတင်းမီဒီယာက ထုတ်ပြန်ခဲ့သည်။

ဆင်းသက်မှုမလုပ်ဆောင်မီ လေပြင်းတိုက်ခတ်နေစဉ်အတွင်း ထိုလေယာဉ်သည် အကြိမ်ကြိမ် အထက်၊ အောက် ခါရမ်းနေခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သည့် ခရီးသည်များက အိန္ဒိယရုပ်သံသတင်းသို့ ပြောကြားခဲ့သည်။ လေယာဉ်သည် ပြေးလမ်းအဆုံးသို့ ဆက်လက်ရောက်ရှိသွားခဲ့ပြီး ဆင်ခြေလျှောတစ်လျှောက် ထိုးစိုက်ကျဆင်းခဲ့ကာ ကိုယ်ထည် နှစ်ပိုင်းကျိုးသွားခဲ့ကြောင်း အရပ်ဘက် လေကြောင်းပျံသန်းမှု ညွှန်ကြားရေးဦးစီးဌာန (DGCA) က ထုတ်ပြန်ထားသည်။


READ NEXT
Cancel OK