Top News

ရွေးကောာက်ခံသမ္မတဒေါ်နယ်ထရန့်ပိုင်သည့် ဟိုတယ်၏ဝင်ပေါက်ရှေ့တွင် အီလွန်မက်စ်ပိုင်သည့် တက်ဆလာ ကုမ္ပဏီထုတ်ဆိုက်ဘာကား ပေါက်ကွဲခဲ့သဖြင့် တစ်ဦးသေဆုံး
24htopnews | January 3, 2025 12:12 AM CST

လာ့ဗေးဂက်စ်မြို့၌ အမေရိကန်ရွေး ကောက်ခံသမ္မတဒေါ်နယ်ထရန့် ပိုင်သော ဟိုတယ်အပြင်ဘက်၌ တက်ဆလာဆိုက်ဘာကား ပေါက်ကွဲခဲ့သောကြောင့် အနည်းဆုံးတစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဇန်နဝါရီ ၁ ရက်တွင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

လာ့ဗေးဂက်စ် ပေါက်ကွဲမှုနှင့် ဇန်နဝါရီ ၁ ရက် နံနက် ၃ နာရီ ၁၅ မိနစ်တွင် နယူးအော်လန်၌ နှစ်သစ်ကူး ဆင်နွှဲနေသော လူအုပ်ကို ထရပ်ကားဖြင့် ဝင်တိုက်ခဲ့သောကြောင့် အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့သည့် တိုက်ခိုက်မှုတို့ ဆက်စပ်မှုများနှင့်ပတ်သက်၍ အာဏာပိုင်များက စုံစမ်းစစ်ဆေးနေသည်ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

သို့သော်လည်း ယင်းဖြစ်စဉ်နှစ်ခု ဆက်စပ်မှုရှိသည်ကို မတွေ့ရဟု သမ္မတဘိုင်ဒင်က ပြောကြားခဲ့သည်။

တက်ဆလာ ဆိုက်ဘာကား ပေါက်ကွဲမှုသည် သီးခြားဖြစ်ရပ်ဖြစ်သည်ဟု ယုံကြည်ကြောင်း အက်ဖ်ဘီအိုင်နှင့် ဒေသဆိုင်ရာဥပဒေထိန်းသိမ်းရေးအဖွဲ့တို့က ပြောကြားခဲ့သည်ဆိုသော်လည်း လားဗေးဂက်စ်ပေါက်ကွဲမှုသည် အကြမ်းဖက်မှုလုပ်ရပ် ဟုတ် မဟုတ်ဆိုသည်ကို ၎င်းတို့စုံစမ်းစစ်ဆေးနေသည်ဟု ဆိုသည်။

ဒေါ်နယ်ထရန့်ကို ထောက်ခံသူ အီလွန်မက်စ်ပိုင်သော ကုမ္ပဏီက ထုတ်လုပ်သော အဆိုပါ EV ကားသည် ကြီးကြီးမားမား ပေါက်ကွဲမှု မဖြစ်ပွားမီ ထရန့်အပြည်ပြည်ဆိုင်ရာဟိုတယ်၏ ဖန်သား ဝင်ပေါက်ရှေ့တွင် ရပ်ထားခဲ့သည်ဟု လားဗေးဂက်စ် ငြိမ်ဝပ်ပိပြားရေးအရာရှိ ကယ်ဗင်မက်မာဟေးလ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

အဆိုပါကားသည် မီးရှုးမီးပန်းတို့နှင့် ဆင်တူသည့် အသေးစားပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက် မီးထမလောင်မီ ဟိုတယ်အဝင်ဝတွင် ရပ်ထားသည်ကို ဗီဒီယိုတွင် တွေ့ရသည်။

ဆိုက်ဘာထရပ်ကားထဲတွင်ရှိနေသူ တစ်ဦးသေဆုံးသွားခဲ့ပြီး လူခုနစ်ဦး အသေးစား ဒဏ်ရာများရခဲ့သည်ဟု မက်မာဟေးလ်က ပြောကြားခဲ့သည်။ ဟိုတယ်တွင်ရှိနေသူများကို ရွှေ့ပြောင်းပေးခဲ့သည်ဟုဆိုသည်။

ကား၏နောက်ပိုင်းတွင် ဓာတ်ဆီ၊ ခရီးထွက်ရာတွင်သုံးသည့် ဂက်စ်ဘူးတို့သာမက မီးရှူးမီးပန်း ပစ်ဖောက်သည့် မော်တာတို့လည်းပါဝင်သည်ဟု သတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

ပေါက်ကွဲသည့်အရာအများစုသည် ကားကို ဖောက်ကာ  အပေါ်သို့ထောင်တက် သွားခြင်းနှင့်အပြင်သို့စင်ထွက်သွားခြင်းတို့ကြောင့်ဆိုက်ဘာကားသည် အကန့်အသတ် ဖြင့်သာပျက်စီးသွားခဲ့သည်ဟု မက်မာဟေးလ်က ပြောကြားခဲ့ပြီး မီတာအနည်းငယ်ဝေးသည့်နေရာက ဟိုတယ်၏ဖန်သားတံခါးမကြီးများသည် ပေါက်ကွဲမှုကြောင့် ကွဲသွားခြင်းမရှိဟု ဆိုသည်။

အာဏာပိုင်များက ယခုပေါက်ကွဲမှုနှင့် နယူးအော်လန်က တိုက်ခိုက်မှုတို့ ဆက်စပ်မှုရှိနိုင်သည့်အနေအထားကို စုံစမ်းနေသည်ဟု သမ္မတဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

“ဒါကြောင့် အဲဒါနဲ့ပတ်သက်ပြီး ပြောစရာမရှိပါဘူး” ဟု ဂျိုးဘိုင်ဒင်က ပြောကြားသည်။ အက်ဖ်ဘီအိုင် ပူးတွဲ အကြမ်းဖက်လုပ်ငန်းတာဝန်အဖွဲ့က ယင်းဖြစ်ရပ်ကို ရည်ရွယ်ချက်ကြီးနှစ်ခုဖြင့် စုံစမ်းစစ်ဆေးနေသည်ဟု အက်ဖ်ဘီအိုင်အေးဂျင့် ဂျရမီရှဝါ့က ပြောကြားခဲ့သည်။                                 


READ NEXT
Cancel OK