
ဥရောပ၌ ဆောင်းရာသီကာလ နီးကပ်လာစဉ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှင့် တုပ်ကွေးရောဂါ ကူးစက်မှုများ မြင့်တက်နေသည့်အတွက် သတိရှိရှိ နေထိုင်ကြရန် အရေးကြီးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အောက်တိုဘာ ၂၄ ရက်တွင် အလေးအနက် ပြောကြားခဲ့ပြီး ကာကွယ်ဆေးထိုးနှံမှုခံယူကြရန်လည်း တိုက်တွန်းခဲ့သည်။
“အခုအချိန်ဟာ စိတ်ချလက်ချ နေရမယ့်အချိန် မဟုတ်သေးပါဘူး” ဟု WHO ၏ ဥရောပဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဟန်းစ်ကလုဂျ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ရုရှားနှင့် ဗဟိုအာရှနိုင်ငံများလည်းပါဝင်သော WHO ဥရောပဒေသတွင် ပါဝင်သည့်နိုင်ငံပေါင်း ၅၃ နိုင်ငံသည် COVID-19 ကပ်ရောဂါကူးစက်မှုများ၏ ဗဟိုချက်အဖြစ်သို့ တစ်ကျော့ပြန် ရောက်ရှိလာပြီဖြစ်ကာ ကမ္ဘာတစ်ဝန်း COVID- ရောဂါကူးစက်မှုများအနက် ၆၀ ရာခိုင်နှုန်းနီးပါးသည် ယင်းဒေသမှဖြစ်ကြောင်း ကလုဂျ်က ဆိုသည်။
တစ်ချိန်တည်းတွင် ရာသီတုပ်ကွေး ကူးစက်မှုများသည်လည်း အမြင့်ဆုံးသို့ ရောက်ရှိလာသည်ဟု သိရသည်။
ကိုဗစ်ကူးစက်မှုလှိုင်းသစ်တွင် လူသေဆုံးမှုနှင့် အထူးကြပ်မတ်ဆောင်သို့ တက်ရောက်ကုသမှု ခံယူရသူ အရေအတွက်မှာ အစောပိုင်းကူးစက်မှုလှိုင်းများတွင် ကြုံတွေ့ရသော ပမာဏအထိ မြင့်တက်လာခြင်း မရှိကြောင်းနှင့် ယင်းသည် ကာကွယ်ဆေးထိုးနှံမှုများ၏ အကျိုးသက်ရောက်မှုကြောင့်ပင်ဖြစ်ကြောင်း WHO က အလေးအနက် ပြောဆိုခဲ့သည်။
“ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်းဟာ COVID-19 ရောဂါကိုသာမကဘဲ တုပ်ကွေးရောဂါကိုပါ ထိထိရောက်ရောက် အတိုက်ဖျက်နိုင်ဆုံး နည်းလမ်းတွေထဲကတစ်ခုအဖြစ် ရှိနေဆဲဖြစ်တယ်” ဟု ကလုဂျ်က ပြောကြားခဲ့သည်။ ထို့အပြင် ကာကွယ်ဆေးထိုးနှံခွင့်ရှိသူများအနေဖြင့် တုပ်ကွေးရောဂါ ကာကွယ်ဆေး ကိုသာမကဘဲ COVID-19 ရောဂါအတွက်လည်း ထပ်ဆောင်းကာကွယ်ဆေးထိုးနှံမှုကို တတ်နိုင်သမျှ အမြန်ဆုံးခံယူသင့်ကြောင်း ၎င်းက တိုက်တွန်းခဲ့သည်။
အောက်တိုဘာ ၂၄ ရက်ကလည်း WHO သည် ကမ္ဘာ့ပိုလီယိုနေ့ အထိမ်းအမှတ်ပြုလုပ်ခဲ့သည်။ ပိုလီယိုရောဂါသည် အများအားဖြင့် ကလေးငယ်များကို ကူးစက်တတ်ပြီး အကြောသေခြင်းကို ဖြစ်စေကာ အနောက်ကမ္ဘာတွင် ၎င်းရောဂါကို အလုံးစုံနီးပါးအမြစ်ပြတ်ထိန်းချုပ်ထားနိုင်ပြီဖြစ်သည်။
သို့ရာတွင် မကြာသေးမီက ဗြိတိန်၊ ယူကရိန်း၊ အစ္စရေးနှင့် အမေရိကန်ပြည်ထောင်စုတို့တွင် သန္ဓေပြောင်း ပိုလီယိုဗိုင်းရပ်စ်မျိုးကွဲတစ်မျိုးကို တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါမျိုးကွဲသည် မူလဗိုင်းရပ်စ်လောက် ပြင်းထန်မှုမရှိသော်လည်း ကာကွယ်ဆေး မထိုးနှံရသေးသောသူများတွင် သွက်ချာပါဒဖြစ်ခြင်းကဲ့သို့ ပြင်းထန်သောရောဂါလက္ခဏာများကို ဖြစ်ပေါ်စေနိုင်သည်။ ကာကွယ်ဆေးထိုးနှံမှုနှုန်း ကျဆင်းလာသည့်အတွက် မကြာသေးမီနှစ်များအတွင်း ၎င်းဗိုင်းရပ်စ်မျိုးကွဲ ကူးစက်မှုများကို ပိုမိုတွေ့ရှိလာရကြောင်း သိရသည်။ ဥရောပဒေသတစ်ခုလုံး အတိုင်းအတာအရ ၂၀၂၁ ခုနှစ် အရောက်တွင် ပိုလီယိုကာကွယ်ဆေး ဖြန့်ကြက်ထိုးနှံမှု ၉၅ ရာခိုင်နှုန်း ပြည့်မီသည့်နိုင်ငံပေါင်း ၂၅ ရာခိုင်နှုန်းသာရှိတော့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်