
မြောက်ကိုရီးယားအနေဖြင့် နျူကလီးယားစမ်းသပ်မှုပြုလုပ်မည်ဆိုပါက မကြုံစဖူး ပြင်းထန်သည့် တုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ပြောကြားခဲ့ပြီး မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုများဆက်တိုက် ပြုလုပ်ခဲ့ပြီးနောက် မိမိတို့သုံးနိုင်ငံသည် စည်းလုံးညီညွတ်စွာရှိကြောင်း ပြောကြားခဲ့သည်။
အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးများသည် ဂျပန်နိုင်ငံတိုကျိုမြို့တော်တွင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒေသတွင်း ၎င်းတို့၏ အဟန့်အတားကို တိုးမြှင့်သွားမည်ဟု ပြောကြားခဲ့သည်။
“ကျွန်တော်တို့တွေ ပူးပေါင်းဆောင်ရွက်မှုကို ထပ်မံတိုးမြှင့်ဖို့ သဘောတူခဲ့ကြပါတယ်။ အဲဒါမှ မြောက်ကိုရီးယားဟာ သူ့ရဲ့ တရားမဝင်တဲ့ လှုပ်ရှားမှုတွေကို ချက်ချင်းရပ်တန့်နိုင်ပြီး နျူကလီးယားဖျက်သိမ်းရေးဆွေးနွေးပွဲတွေကို ပြန်လည်လုပ်ဆောင်နိုင်ပါလိမ့်မယ်”ဟု တောင်ကိုရီးယား လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်ဒေါင်က ပြောကြားခဲ့သည်။
“မြောက်ကိုရီးယားအနေနဲ့ သတ္တမအကြိမ်မြောက် နျူကလီးယားစမ်းသပ်မှုကိုပြုလုပ်မယ်ဆိုရင် မကြုံစဖူး ပြင်းထန်တဲ့ တုံ့ပြန်မှုတစ်ခုလုပ်ဆောင်ဖို့ လိုအပ်ကြောင်းကိုလည်း သုံးနိုင်ငံလုံးက သဘောတူခဲ့ပါတယ်”ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ပဲ့ထိန်ဒုံးကျည်များကို စံချိန်တင်ပစ်လွှတ်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နျူကလီးယားဗုံးတစ်လုံးကို စမ်းသပ်ရန် နီးစပ်နေဖွယ်ရှိကြောင်း အမေရိကန်နှင့် တောင်ကိုရီးယားတို့က ထပ်တလဲလဲ သတိပေးခဲ့သည်။
ပြီးခဲ့သည့်လက ဂျပန်နိုင်ငံပေါ်မှကျော်ဖြတ်ပြီး ဒုံးကျည်ပစ်လွှတ်ခဲ့သည့် မြောက်ကိုရီးယားကလည်း နည်းဗျူဟာမြောက် နျူကလီးယားစစ်ရေးလေ့ကျင့်မှုများကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
“အဲဒီအပြုအမူတွေအားလုံးဟာ အဆင်အခြင်မဲ့ပြီး တည်ငြိမ်မှုကို ပျက်ပြားစေပါတယ်”ဟု အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှာမန်က ပြောကြားခဲ့ပြီး မြောက်ကိုရီးယားအနေဖြင့် နောက်ထပ် ရန်စမှုများကို ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့သည်။
ဂျပန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး တာကီယိုမိုရီကလည်း မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်လှုပ်ရှားမှုများ မြင့်တက်နေခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လက မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်သည် နျူကလီးယားလက်နက်အသုံးပြုမှုဆိုင်ရာ ဥပဒေသစ်တစ်ရပ်ကို ထုတ်ပြန်ကြေညာခဲ့ပြီး ယင်းဥပဒေကြောင့် တားမြစ်ပိတ်ပင်ခံထားရသည့် ၎င်း၏လက်နက်စီမံကိန်းများနှင့်ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှုများကို အဆုံးသတ်စေခဲ့သည်။
ကင်သည် ယခင်အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် သုံးကြိမ်တိုင်တိုင်တွေ့ဆုံခဲ့ပြီး တင်းမာမှုများ လျော့ကျခဲ့သော်လည်း မည်သည့်သဘောတူညီချက်မျှ မရခဲ့ဘဲ အဆုံးသတ်ခဲ့သည်။
လက်ရှိအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ကမူ စီမံဆောင်ရွက်မှုအဆင့် ဆွေးနွေးပွဲများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့သော်လည်း မြောက်ကိုရီးယားက စိတ်ဝင်စားမှုအနည်းငယ်သာပြသခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်