Top News

ယူကရိန်းက ရေဒီယိုသတ္တိကြွပစ္စည်းများပါဝင်သည့် သမားရိုးကျဗုံးနှင့် တိုက်ခိုက်ရန်စီစဉ်နေသည်ဆိုသည့် ရုရှား၏ ပြောကြားချက်နှင့်စပ်လျဉ်းပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တံခါးပိတ်ဆွေးနွေးပွဲပြုလုပ်
24htopnews | January 2, 2025 11:12 PM CST

ယူကရိန်းသည် ရေဒီယိုသတ္တိကြွပစ္စည်းများပါဝင်သည့်သမားရိုးကျဗုံး (dirty bomb) ကို ဖောက်ခွဲရန် စီစဉ်နေသည်ဟု အောက်တိုဘာ ၂၅ ရက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် ရုရှားက ပြောကြားခဲ့ပြီးနောက် ယင်းအဆိုနှင့်ပတ်သက်ပြီး ဆွေးနွေးမှုများပြုလုပ်ရန် လုံခြုံရေးကောင်စီက တံခါးပိတ်ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ရုရှားသည် အောက်တိုဘာ ၂၃ ရက်ကတည်းက ယင်းအဆိုကို လူသိရှင်ကြားပြောကြားခဲ့ခြင်းဖြစ်ပြီး ယူကရိန်းသည် စစ်ဖြစ်နေသည့် ဇုန်တွင် အကြမ်းထည် နျူကလီးယား ပစ္စည်းတစ်ခုကို ဖောက်ခွဲပြီး ရုရှားတပ်ဖွဲ့များကို အပြစ်ပုံချဖွယ်ရှိနေသည်ဟု ယူဆရကြောင်း ပြောကြားခဲ့သော်လည်း အနောက် နိုင်ငံများမှ သံတမန်များကမူ ရုရှားသည် ၎င်း၏ပြောကြားချက်အတွက် သက်သေအထောက်အထား မတင်ပြခဲ့ဟု ပြောကြားခဲ့သည်။ ထို့ပြင် နေတိုးမဟာမိတ်အဖွဲ့အကြီးအ ကဲယန်းစတိုတန်ဘာ့ချ်ကလည်း ရုရှား၏ ပြောကြားမှုကို ငြင်းပယ်ခဲ့သည်။

“ဒါဟာ အရမ်းကို အန္တရာယ်များတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်”ဟု ကုလသမဂ္ဂဆိုင်ရာ ရုရှား၏ လက်ထောက်သံအမတ် ဒီမီထရီ ပိုလီယန်စကီးက အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

“ယူကရိန်းဟာ အဲဒီလိုလုပ်ဖို့အကြောင်းပြချက်တွေအားလုံးရှိပါတယ်။ ဘာလို့လဲဆိုတော့ ဇယ်လန်စကီးအစိုးရအဖွဲ့ဟာ အရင်ဆုံး ရှုံးနိမ့်မှုကို ရှောင်လွဲချင်ပြီး ဒုတိယအနေနဲ့ နေတိုးကို ရုရှားနဲ့ တိုက်ရိုက် ပဋိပက္ခဖြစ်စေချင်တဲ့ ဆန္ဒရှိနေတာကို ကျွန်တော်တို့ သိရှိထားပါတယ်”ဟု ပိုလီယန်စကီးက ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကို ရည်ညွှန်း ပြီး ပြောကြားခဲ့သည်။

ယင်းအစီအစဉ်သည် အလွန်အန္တရာယ်များသော်လည်း ဇယ်လန်စကီးအစိုးရအဖွဲ့အတွက် အာဏာဆက်လက်တည်မြဲစေရန်  အကျိုးရှိစေလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့ သည်။

“dirty bomb တစ်လုံးကို ပြုလုပ်ဖို့ သိပ်မခက်ပါဘူး။ သာမန်ဗုံးထဲမှာ ရေဒီယိုသတ္တိကြွပစ္စည်းအချို့ ရောထည့်လိုက်တာပါ။ အဲဒီလို dirty bomb တွေပြုလုပ်တဲ့ လှုပ်ရှားမှုတွေကိုလည်း ထောက်လှမ်းသိရှိဖို့ အရမ်းခက်ခဲ့ပါတယ်”ဟု ပိုလီယန်စကီးက ပြောကြားခဲ့ သည်။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဂျိမ်းစ်ကာရီရူကီကမူ ရုရှား၏ ပြောကြားမှုကို ပယ်ချခဲ့သည်။

“အခုပြုလုပ်တဲ့ သီးသန့်အစည်းအဝေးပွဲအတွင်း သက်သေအထောက်အထားအသစ်တွေကို ကျွန်တော်တို့ မမြင်ခဲ့၊ မကြားခဲ့ရပါဘူး”ဟု ၎င်းက ပြောကြားခဲ့ပြီး ရုရှား၏ ပြောကြားချက်သည် သိသာစွာ မှားယွင်းနေသည်ဟု ဆိုသည်။

“ယူကရိန်းဘက်ကတော့ ရှင်းပါတယ်။ ဘာကိုမှ ဖုံးကွယ်မထားပါဘူး”ဟု ကာရီရူကီက ပြောကြားခဲ့သည်။

ယူကရိန်းက ၎င်း၏နျူကလီးယားစက်ရုံများကို လာရောက်စစ်ဆေးရန် ဖိတ်ကြားခဲ့ပြီးနောက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ၏ စုံစမ်းစစ်ဆေးသူများသည် ယူကရိန်းသို့ သွားရောက်နေပြီး မိမိတို့အနေဖြင့် ရုရှား၏ ပြောကြားမှုသည် လုံးဝမှားယွင်းနေသည်ကို ရှင်းရှင်းလင်းလင်းဖြစ်စေသင့်သည်ဟု ၎င်းက ပြောကြားခဲ့သည်။ 


READ NEXT
Cancel OK