Top News

Deadline အမီ မှတ်ပုံတင်နိုင်ခြင်းမရှိသည့် အော်လ်မိုနှင့် ပါအူဗစ်တာတို့ကို ဘာစီလိုနာအသင်းလူစာရင်းမှ လာလီဂါ ဖယ်ရှား
24htopnews | January 2, 2025 7:12 PM CST

လာလီဂါသည် ဘာစီလိုနာကစားသမားများဖြစ်သည့် ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုနှင့် တောင်ပံတိုက်စစ်ကစားသမား ပါအူဗစ်တာတို့အား Deadline မတိုင်မီ မှတ်ပုံတင်နိုင်ခြင်းမရှိသည့်အတွက် ဘာစီလိုနာအသင်း၏လူစာရင်းမှ ဖယ်ရှားခဲ့ကြောင်း သိရသည်။

အသက် (၂၆) နှစ်အရွယ်ရှိ စပိန်လက်ရွေးစင်ကွင်းလယ်တိုက်စစ်ကစားသမား အော်လ်မိုသည် ပြီးခဲ့သည့်နွေကမှ လိုက်ပ်ဇစ်အသင်းမှ ဘာစီလိုနာအသင်းထံသို့ ပေါင်သန်း (၅၀) ဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။

ဘာစီလိုနာအသင်းသည် လာလီဂါ၏ ဘဏ္ဍာရေးစည်းမျဉ်းကြောင့် အော်လ်မိုကို စတင်ခေါ်ယူစဉ်က မှတ်ပုံတင်နိုင်ခဲ့ခြင်းမရှိပေ။

ဘာစီလိုနာအသင်းသည် အော်လ်မိုနှင့် ပါအူဗစ်တာတို့အား ခရစ္စတန်ဆန်၏ဒဏ်ရာကိုအကြောင်းပြကာ ဒဏ်ရာအရေးပေါ်စည်းမျဉ်းအရ ၂၀၂၄ ဒီဇင်ဘာလကုန်အထိသာ ယာယီမှတ်ပုံတင်ထားခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် အော်လ်မိုအား ဒီဇင်ဘာ (၃၁) ရက် ကျော်လွန်ပြီး ကစားနိုင်အောင် မှတ်ပုံတင်ရန် ကြိုးပမ်းခဲ့သလို၊ ပါအူဗစ်တာ (၂၃ နှစ်)ကိုလည်း မှတ်ပုံတင်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း Deadline မတိုင်မီ မလုပ်နိုင်ခဲ့ကြောင်း သိရှိရသည်။

လာလီဂါက ဒီဇင်ဘာ (၃၁)ရက်ညတွင် ဘာစီလိုနာအသင်းအနေဖြင့် ၎င်းတို့ကစားသမားများကို မှတ်ပုံတင်နိုင်ရန် အဆိုပြုချက်တင်သွင်းခဲ့သော်လည်း ပယ်ချခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

လာလီဂါ၏ထုတ်ပြန်ချက်တွင် ''လာလီဂါ၏ ယနေ့ ဒီဇင်ဘာ ၃၁ ရက် သတင်းပို့ချက်အရ ဘာစီလိုနာအနေဖြင့် အသင်းကစားသမားများကို ဇန်နဝါရီ (၂)ရက်အထိ မှတ်ပုံတင်ခွင့်ရရန်အတွက် လာလီဂါ၏စီးပွားရေးထိန်းချုပ်မှုနှင့် ပတ်သက်၍ ကွဲပြားသည့်အချက်ကို တင်ပြနိုင်ခြင်းမရှိကြောင်း'' ဖော်ပြပါရှိသည်။

ယင်းနောက် လာလီဂါသည် ၎င်းတို့ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည့် ဘာစီလိုနာအသင်း၏ လူစာရင်းမှ အော်လ်မိုနှင့် ပါအူဗစ်တာကို ဖယ်ရှားခဲ့ခြင်းဖြစ်သည်။

ဘာစီလိုနာအသင်းသည် အော်လ်မိုနှင့် ပါအူဗစ်တာတို့ကို မှတ်ပုံတင်နိုင်ရန်အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ထံ အယူခံဝင်ထားကြောင်း သိရှိရသည်။

အော်လ်မိုအနေဖြင့် မှတ်ပုံတင်နိုင်ခြင်းမရှိသည့်အတွက် ယခုဇန်နဝါရီတွင် ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ထွက်ခွာခွင့်ရှိနေသော်လည်း အသင်းတွင်ဆက်နေရန် ဆုံးဖြတ်ထားကြောင်း သိရှိရသည်။ 


READ NEXT
Cancel OK