Top News

ဖိလစ်ပိုင်ရှိ ပျက်စီးနေသော မာရာဝီမြို့က ဂျီဟတ်များအတွက် လူသစ်စုဆောင်းသည့်နေရာ ဖြစ်လာ
24htopnews | January 2, 2025 7:12 AM CST

ဖိလစ်ပိုင်တောင်ပိုင်းရှိ မာရာဝီမြို့သည် ဂျီဟတ်များက စီးနင်းတိုက်ခိုက်ခံခဲ့ရပြီးနောက် နှစ်နှစ်အကြာတွင် အပျက်အစီးပုံအဖြစ် ရှိနေဆဲဖြစ်သည်။ ထိုမြို့အား ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ တန့်နေမှုသည် တည်ငြိမ်မှုမရှိသောဒေသ၌ အစွန်းရောက်အဖွဲ့များ၏ လူသစ်စုဆောင်းမှုကို အထောက်အပံ့ ဖြစ်စေမည် ဖြစ်ကြောင်း ကျွမ်းကျင်သူများက သတိပေးခဲ့ကြသည်။

၂၀၁၇ ခုနှစ် မေ ၂၃ ရက်တွင် IS ဂျီဟတ်အဖွဲ့၏ အလံနက်များ ဝှေ့ယမ်းလျက် သေနတ်သမားများက ထိုမြို့အား ကျူးကျော်ခဲ့ရာ ဖိလစ်ပိုင်စစ်တပ်နှင့် ငါးလကြာတိုက်ပွဲ ဖြစ်ပွားခဲ့သည်။ နောက်ဆုံးတွင်မူ ကျည်ပေါက်ရာများ ပြည့်နေသော အဆောက်အအုံများအား ဖြိုဖျက်မှုကို စတင်နိုင်ခဲ့သည်။ သို့သော် အစိုးရ၏ မှားယွင်းသော အစပျိုးမှုများစွာ ကြုံခဲ့ရပြီးနောက် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများသည် ၂၀၂၁ ခုနှစ်ကုန် မတိုင်မီ ပြီးစီးရန် မျှော်လင့်၍ မရသေးပေ။

ထိုနှောင့်နှေးမှုများကြောင့် ယင်းမြို့မှ ဒေသခံ ၁၀၀ç၀၀၀ ခန့်သည် ဆိုးရွားသော ပြန်လည်နေရာချထားရေး စခန်းများ သို့မဟုတ် ဆွေမျိုးများ၏ နေအိမ်များတွင် နေထိုင်နေရသဖြင့် နေရပ်စွန့်ခွာရသူများအကြား ဒေါသထွက်မှု မြင့်တက်လာခဲ့ပြီး လူသစ်စုဆောင်းရန် အစွန်းရောက်များကို အထောက်အပံ့ ဖြစ်စေခဲ့သည်။

IS အဖွဲ့နှင့်ပူးပေါင်းရန် တိုက်တွန်းသည့် ဇာတ်လမ်းများတွင် အရှေ့အလယ်ပိုင်းဒေသ အကြောင်းနှင့် ကမ္ဘာတစ်ဝန်းမှ မွတ်စလင်များ၏ ဒုက္ခများသာ ပါဝင်လေ့ရှိကြောင်း မာရာဝီလူငယ်များအတွက် ထောက်ပံ့အဖွဲ့ တစ်ဖွဲ့ကို ပူးတွဲထူထောင်ခဲ့သည့် Mouhammad Sharief က ပြောကြားခဲ့သည်။ ယခုအခါ ထိုဇာတ်လမ်းသည် မာရာဝီ ဖြစ်လာခြင်းကြောင့် မိမိတို့နှင့် ပိုမိုနီးကပ်လာကြောင်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာခဲ့ရသူဖြစ်သည့် အသက် ၃၂ နှစ်ရှိ Sharief က ပြောကြားခဲ့သည်။

မာရာဝီသည် ဖိလစ်ပိုင်တောင်ပိုင်း၏ မွတ်စလင်မြို့တော် ဖြစ်သောကြောင့် သင်္ကေတအရ အလွန်အမင်း အရေးပါကြောင်း၊ ထိုဒေသတွင် ဆယ်စုနှစ်များစွာ ခွဲထွက်ရေး လှုပ်ရှားမှုများ ဖြစ်ပေါ်ခဲ့ပြီး ဆင်းရဲမွဲတေမှုနှင့် အစွန်းရောက်မှု သံသရာတွင် ပိတ်မိနေခဲ့သည်။ IS ဂျီဟတ်အဖွဲ့သည် အရှေ့အလယ်ပိုင်းဒေသတွင် ကိုယ့်ကိုယ်ကိုယ် ကြေညာခဲ့သော မွတ်စလင်ပိုင်နက်ကို ဆုံးရှုံးခဲ့ရပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အဖွဲ့ခွဲများမှတစ်ဆင့် ၎င်း၏ တည်ရှိမှုကို ထိန်းသိမ်းနိုင်ရန် ကြိုးပမ်းနေစဉ် မာရာဝီသည် အလွန်အမင်း အရေးပါနေခဲ့သည်။

ဖိလစ်ပိုင်တွင် အစိုးရတပ်ဖွဲ့များအား သတ်ဖြတ်မှုများ၌ တာဝန်ရှိသူဟု IS က ပုံမှန်ထုတ်ပြန်လေ့ရှိပြီး ပြီးခဲ့သော ဇန်နဝါရီတွင် ဖိလစ်ပိုင်၌ နှစ်များစွာအတွင်း သေဆုံးမှု အများဆုံးဖြစ်ခဲ့သည့် ကက်သလစ် ဘုရားရှိခိုး ကျောင်းအား ဗုံးခွဲတိုက်ခိုက်မှုကိုလည်း ၎င်းတို့၏ လက်ချက်ဟု ထုတ်ပြန်ခဲ့သည်။

ဒူတာတေး၏ အမိန့်များ

IS အဖွဲ့သည် တည်ငြိမ်မှု မရှိသော ဖိလစ်ပိုင်တောင်ပိုင်းတွင် ကာလရှည်ကြာ လှုပ်ရှားနေသည့် ပြန်ပေးဆွဲအဖွဲ့ ဖြစ်သော အဘူဆေယက်အဖွဲ့ အပါအဝင် ပြည်တွင်းအစွန်းရောက် ကွန်ရက်များနှင့်လည်း ချိတ်ဆက်ခဲ့သည်။

မာရာဝီမြို့အား ဖျက်ဆီးခံရမှုကို ဒေါသထွက်မှုနှင့် ပြန်လည်တည်ဆောက်ရန် ပျက်ကွက်မှုအတွက် ခံပြင်းစိတ်များကြောင့် IS အဖွဲ့က လူငယ်ဒေသခံများအား စည်းရုံးနိုင်သည့် ခြိမ်းခြောက်မှုများကို အစိုးရက စိုးရိမ်ရန် လိုအပ်နေကြောင်း လေ့လာသုံးသပ်သူ ဆစ်ဒနီဂျုံးစ်က ပြောကြားခဲ့သည်။

ထိုမြို့အား ပြန်လည်ပြုပြင် တည်ဆောက်ရန်သည် အကြိမ်ကြိမ် နှောင့်နှေးခဲ့သည်။ ပြန်လည်နေရာ ချထားရေး အစီအစဉ်ကို ဦးဆောင်ရန်အတွက် တရုတ်ဦးဆောင်သည့် လုပ်ငန်းစုတစ်ခုက ကနဦးတွင် စီစဉ်ခဲ့သော်လည်း ဥပဒေကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ ပြဿနာများကြောင့် အရည်အချင်း မပြည့်မီဟု သတ်မှတ်ခံခဲ့ရသည်။ အမှန်တကယ် ပြန်လည်တည်ဆောက်ရေး မစတင်မီ ပထမအဆင့်ဖြစ်သည့် အပျက်အစီးများအား ရှင်းလင်းရန် လုပ်ငန်းစဉ်၌ပင် ဥပဒေကြောင်းဆိုင်ရာ ပြဿနာများကြောင့် နှောင့်နှေးမှုများ ကြုံနေရပြီး အစိုးရက လာမည့် နိုဝင်ဘာတွင် ပြီးစီးလိမ့်မည်ဟု မျှော်လင့်ထားသည်။

ဖိလစ်ပိုင်အစိုးရက မွတ်စလင်များအား ဖိနှိပ်မှုနှင့် မာရာဝီအား ပြန်လည်တည်ဆောက်ရန် တာဝန်ရှိမှုကို လျစ်လျူပြုမှုတို့အတွက် ထိုကိစ္စကို ဥပမာတစ်ခုအဖြစ် ထပ်မံအသုံးပြုလိမ့်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သော International Alert ၏ အကြံပေး တစ်ဦးဖြစ်သူ ဖရန်စစ္စကိုလာရာက ပြောကြားခဲ့သည်။

ဂျီဟတ်များအား နှိမ်နင်းရာတွင် ရုန်းကန်နေရစဉ် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုနှင့် အမြောက်များနှင့် ပစ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးခဲ့သော မာရာဝီမြို့အား ပြန်လည်ပြုပြင်မှုသည် တိုးတက်မှု ရှိနေကြောင်း အစိုးရက ထုတ်ပြန်ခဲ့သည်။ မာရာဝီမြို့အား ဖွံ့ဖြိုးတိုးတက်သော မြို့တစ်မြို့ ပြန်လည်ဖြစ်လာစေရန် မြင်တွေ့လိုသည့် သမ္မတ၏ လမ်းညွှန်ချက်နှင့် ညွှန်ကြားမှုများအတိုင်း လုပ်ဆောင်နေကြောင်း မာရာဝီမြို့ ပြန်လည်တည်ဆောက်ရေးကို ကြီးကြပ်ရသည့် အငြိမ်းစားဗိုလ်ချုပ် အက်ဒွါဒိုဒယ်ရိုဆာရီယိုက ပြောကြားခဲ့သည်။ သမ္မတ၏ ညွှန်ကြားချက်အတိုင်း ပေးအပ်ထားသော တာဝန်များကို အားလုံးက ထမ်းဆောင်နေကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်၏ လူနည်းစု မွတ်စလင်များကို အလေးထားကြောင်း သမ္မတရိုဒရီဂိုဒူတာတေးက ကိုယ့်ကိုယ်ကိုယ် ပုံဖော်ရန် ကြိုးစားခဲ့သော်လည်း မာရာဝီမြို့နှင့် ပတ်သက်၍ ရောထွေးသော အချက်ပြမှုများကို ပြသခဲ့သည်။

မာရာဝီသည် တရားမဝင် မူးယစ်ဆေးဝါး လုပ်ငန်းများ၏ ဇာတိဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့ရာ မူးယစ်ဆေး ရောင်းဝယ်သူနှင့် သုံးစွဲသူဟု သံသယရှိသူ ၅၃၀၀ ကျော် သေဆုံးခဲ့ရသည့် တရားမဝင် မူးယစ်ဆေးဝါး နှိမ်နင်းသည့် စစ်ဆင်ရေးခေါင်းဆောင် ဒူတာတေးထံမှ အလွန်ပြင်းထန်သော စွပ်စွဲချက်တစ်ရပ် ဖြစ်ခဲ့သည်။ မာရာဝီတွင် ပြန်လည်တည်ဆောက်ရေး၌ ငွေသုံးစွဲသင့်သည်ဟု မထင်ကြောင်း၊ ထိုမြို့ခံများတွင် ငွေကြေးအများအပြား ရှိနေကြောင်း ပြီးခဲ့သောဧပြီတွင် မိန့်ခွန်းတစ်ရပ်၌ ဒူတာတေးက ရည်ညွှန်း ပြောကြားခဲ့သည်။

Ref : AFP


READ NEXT
Cancel OK