Top News

တရုတ်စစ်တပ်သည် ၁၀ နှစ်အတွင်း နျူကလီးယားထိပ်ဖူးအရေအတွက်ကို နှစ်ဆတိုးမြှင့်နိုင်ရန် ကြိုးပမ်းနေကြောင်း ပင်တဂွန်ထုတ်ပြန်
24htopnews | January 1, 2025 10:12 PM CST

တရုတ်စစ်တပ်သည် မြေပြင်၊ ရေပြင်နှင့် ဝေဟင်မှနေ၍ ပစ်လွှတ်သော ပဲ့ထိန်းဒုံးကျည်များပေါ်တွင် တပ်ဆင်အသုံးပြုနိုင်မည့် နျူကလီးယားထိပ်ဖူးအရေအတွက်ကို ဆယ်နှစ်အတွင်း အရေအတွက် နှစ်ဆတိုးမြှင့် ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း စက်တင်ဘာ ၁ ရက်က ထုတ်ပြန်သော ပင်တဂွန်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် PLA သည် နည်းပညာပိုင်းတွင် အမေရိကန်နှင့် တန်းတူရင်ဘောင်တန်းနိုင်ရေး ရည်ရွယ်ချက်အပြင် ထိုင်ဝမ်အရေးကိစ္စတွင် ကြားဝင်စွက်ဖက်ရန် အမေရိကန်၏ မည်သည့်ကြိုးပမ်းမှုမျိုးကိုမဆို ကာကွယ်တားဆီးရန် သို့မဟုတ် အနိုင်ယူရန်အတွက် ပူးတွဲစစ်ဆင်ရေးများ လုပ်ဆောင်ခြင်းကိစ္စရပ်ပေါ်တွင်လည်း အာရုံစိုက်လျက်ရှိကြောင်း၊ သင်္ဘောတည်ဆောက်ရေးလုပ်ငန်း၊ မြေပြင်အခြေစိုက် ပဲ့ထိန်းဒုံးများ၊ လေကြောင်းရန် ကာကွယ်ရေးစနစ်များအပါအဝင် အခြားသောကဏ္ဍရပ်များစွာများတွင် PLA သည် အမေရိကန်စစ်တပ်နှင့်အပြိုင် သို့မဟုတ် အမေရိကန်စစ်တပ်ကို ကျော်တက်သွားခဲ့ပြီဖြစ်ကြောင်း ပင်တဂွန်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်စစ်တပ်တွင် သိုမှီးထားသည့် နျူကလီးယားထိပ်ဖူးအရေအတွက်မှာ ၂၀၀ အောက်တွင်ရှိကြောင်း၊ ၁၀ နှစ်ကျော်အတွင်း ထိုနျူထိပ်ဖူးအရေအတွက် နှစ်ဆမြင့်တက် လာလိမ့်မည်ဟု ယူဆရကြောင်း၊ တရုတ်သည် နျူထိပ်ဖူးတပ် ပဲ့ထိန်းဒုံးများကို မြေပြင်နှင့် ရေပြင်မှနေ၍ ပစ်လွှတ်နိုင်သည်ကို ပြသခဲ့ပြီးဖြစ်သလို ဝေဟင်မှနေ၍ ပစ်လွှတ်နိုင်သည့် နျူကလီယား ထိပ်ဖူးတပ်ပဲ့ထိန်းဒုံးများကိုလည်း တီထွင်နေကြောင်း အစီရင်ခံစာကဆိုသည်။

ပေကျင်းသည် ရာစုနှစ်ဝက်အတွင်း တရုတ်စစ်တပ်ကို အမေရိကန်စစ်တပ်နှင့် ရင်ဘောင်တန်းနိုင်သည့် (အခြေအနေအချို့တွင် အမေရိကန်စစ်တပ်ထက် သာလွန်သည့်) စစ်တပ်မျိုး သို့မဟုတ် နိုင်ငံအတွက် ခြိမ်းခြောက်မှုဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံက ရှုမြင်ထားသည့် အခြားသောအင်အားကြီးနိုင်ငံများထက် သာလွန်သည့် စစ်တပ်မျိုးဖြစ်လာစေရန် ကြိုးပမ်းသွားနိုင်ဖွယ်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

တရုတ်၏ ထိုရည်မှန်းချက် အောင်မြင်ပါက ယင်းသည် အမေရိကန်၏အမျိုးသား အကျိုးစီးပွားများ၊ နိုင်ငံတကာစည်းမျဉ်း စည်းကမ်းများကို အခြေခံထားသော အမိန့်၊ ညွှန်ကြားချက် အာဏာတည်ရေး ကိစ္စတို့အပေါ် ကြီးကြီးမားမား ရိုက်ခတ်လာလိမ့်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

နျူကလီးယားထိပ်ဖူး ပိုင်ဆိုင်မှုချင်း နှိုင်းယှဉ်ပါက တရုတ်သည် အမေရိကန်နှင့် စာလျှင် များစွာနည်းပါးနေသော်လည်း နျူကလီးယားထိပ်ဖူး ထုတ်လုပ်မှုအရှိန် မြင့်တက်လာခြင်းက ပေကျင်းသည် ၎င်း၏ လုပ်ရိုးလုပ်စဉ်ဖြစ်သော အဟန့်အတားအနည်းဆုံးထားရှိသည့် ရပ်တည်ချက်မှ တင်းပြည့်ကျပ်ပြည့် စစ်အင်အား ယှဉ်ပြိုင်မှုဆီသို့ ဦးတည်နေသည်ကို ပြသနေကြောင်း ပင်တဂွန်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

တရုတ်တွင် သင်္ဘော၊ ရေငုပ်သင်္ဘော အစီး ၃၅၀ ရှိခြင်းနှင့်အတူ ကမ္ဘာ့အင်အားအကြီးဆုံးရေတပ်ကို ပိုင်ဆိုင်ထားပြီးဖြစ်ကြောင်း၊ အမေရိကန်ရေတပ်တွင် သင်္ဘော၊ ရေငုပ်သင်္ဘော ၂၉၃ စီးရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမေရိကန်နှင့် ရုရှားတို့ ချုပ်ဆိုထားသည့် လက်နက်ထိန်းချုပ်ရေး သဘောတူညီချက်မျိုး တရုတ်က ချုပ်ဆိုမထားခြင်းကြောင့် မြေပြင်မှနေ၍ ပစ်လွှတ်သော ပဲ့ထိန်းဒုံးများ ထုတ်လုပ်မှုတွင် ကန့်သတ်ချုပ်ချယ်မှုမခံရသည့် တရုတ်၏အားသာချက်ကို ပင်တဂွန်အစီရင်ခံစာတွင် ဖော်ပြထားသည်။

 


READ NEXT
Cancel OK