Top News

၃၂ ခုမြောက် ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်အား အပြာရောင်ကမ္ပည်းပြား တပ်ဆင်
24htopnews | January 1, 2025 6:12 AM CST

၃၂ ခုမြောက် ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်အား အပြာရောင် ကမ္ပည်းပြားတပ်ဆင်ခဲ့သည်။

အပြာရောင် ကမ္ပည်းပြားတပ်ဆင်ပွဲကို စက်တင်ဘာ ၆ ရက်ကကျင်းပခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ တက်ရောက်ခဲ့ကြသည်။

“ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် ပြင်ဆင်ဆောင်ရွက်နေတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်ထဲမှာရှိတဲ့ အထင်ကရဖြစ်တဲ့ သစ်ပုပ်ပင်ကြီးကို ရန်ကုန်မြို့ပြ အမွေအနှစ်အဖြစ် သတ်မှတ်လိုက်တာ အင်မတန်မှ ဝမ်းသာပါတယ်။ သစ်ပုပ်ပင်ကြီး တည်ရှိရာ ရန်ကုန်တက္ကသိုလ်ကို နောင်မျိုးဆက် အဆက်ဆက်က လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုပါတယ်” ဟု ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

သစ်ပုပ်ပင်အား အပြာရောင်ကမ္ပည်း ပြားတပ်ဆင်ရန် သုတေသနနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များကို Myanmar Marketing Research and Development Ltd က ကျခံခဲ့ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်၏ သက်တမ်းအား ခန့်မှန်းရန် အခက်အခဲရှိသော်လည်း ၁၉၂၀ ပြည့်နှစ်တွင် အစပြုခဲ့သည့် ရန်ကုန်တက္ကသိုလ်ထက် သက်တမ်းရင့်ကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်တွင် နှစ် ၁၀၀ ပြည့်တော့မည်ဖြစ်သည့် ရန်ကုန်တက္ကသိုလ်၏ အဓိကသင်္ကေတတစ်ခုဖြစ်သည့် သစ်ပုပ်ပင်သည် ရန်ကုန်တက္ကသိုလ်တွင်သာမက ရန်ကုန်မြို့အတွက်ပါ အဖိုးမဖြတ်နိုင်သည့် သဘာဝအမွေအနှစ်တစ်ခုဖြစ်ပြီး ရေရှည်တည်တံ့ရှင်သန်စေရန် ၀ိုင်းဝန်စောင့်ရှောက်ရန် လိုအပ်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ်ရှိ သစ်ပုပ်ပင်သည် သက်တမ်းရင် ရွက်ကြွေပင်ဖြစ်ပြီး Tetrameles nudiflora R. Br  (Datiscaceae) ဖြစ်သည်။

သစ်ပုပ်ပင်သည် ရန်ကုန်တက္ကသိုလ်၏ အထင်ကရများဖြစ်သည့် ဘွဲ့နှင်းသဘင်ခန်းမ၊ ဂျပ်ဆင်၊ အင်းလျားကန်နှင့် ကံ့ကော်တောများကဲ့သို့ ရန်ကုန်တက္ကသိုလ်၏ အဓိကသင်္ကေတတစ်ခုဖြစ်သည်။

အပြာရောင်ကမ္ပည်းပြားသည် ရန်ကုန်မြို့ရှိ အမွေအနှစ်ဆိုင်ရာ အဆောက်အအုံများနှင့် နေရာများတွင် အဆိုပါအဆောက်အအုံများ၊ နေရာများနှင့် ဆက်စပ်နေသည့် သမိုင်းဝင်လူပုဂ္ဂိုလ်များ၊ သမိုင်းအဖြစ် အပျက်များအကြောင်းကို ဖော်ပြပြီးမြို့၏ အမှတ်အသားတစ်ခုအဖြစ် တပ်ဆင်ထားရှိသည့် အထိမ်းအမှတ် ကမ္ပည်းပြားများဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။

အပြာရောင်ကမ္ပည်းပြားများ၏ ရည်ရွယ်ချက်သည် လူအများသိရှိပြီးသား အဆောက်အအုံများ၊ နေရာများအား ပိုမိုတန်ဖိုးထား ထိန်းသိမ်းတတ်လာစေရန်၊ လူသိနည်းနေသည့် အဆောက်အအုံများအကြောင်းအား လူအများ ပိုမိုသိရှိလာစေရန် ရည်ရွယ်ကြောင်း သိရသည်။                

 

 


READ NEXT
Cancel OK