Top News

ရန်ကုန်မြို့ မင်္ဂလာစျေးတည်ဆောက်ရန် ရန်ကုန်မြို့တော်စည်ပင်နှင့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့ သဘောတူစာချုပ်သုံးခု လက်မှတ်ရေးထိုးခဲ့ပြီး လပေါင်း ၃၀ အတွင်း အပြီးတည်ဆောက်မည်
24htopnews | January 1, 2025 6:12 AM CST

ရန်ကုန်မြို့  မင်္ဂလာစျေးပြန်လည် တည်ဆောက်ရန် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီနှင့် ဆန်းမြတ်ထွန်းဆောက်လုပ်ရေးကုမ္ပဏီတို့ လုပ်ငန်းအကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချုပ်၊ ဒီဇိုင်းရေးဆွဲခြင်းသဘောတူစာချုပ်နှင့် လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဆိုင်ရာ သဘောတူစာချုပ်များ လက်မှတ်ရေးထိုးခြင်းကို စက်တင်ဘာ ၅ ရက်တွင် မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“မနေ့က မြို့တော်ခန်းမမှာရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီရယ်၊ ဆန်းမြတ်ထွန်းကုမ္ပဏီရယ် သဘောတူလက်မှတ်ရေးထိုးခဲ့တယ်။ လက်မှတ်ရေးထိုးပြီး လပေါင်း ၃၀ အတွင်းမှာ အပြီးတည်ဆောက်သွားမယ်လို့သိရတယ်။ မနေ့က လက်မှတ်ရေးထိုးပွဲကို ကျွန်တော်တို့ ကိုယ်စားလှယ်တွေပါ တက်ရောက်ရတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကပြောကြားသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဆန်းမြတ်ထွန်းကုမ္ပဏီတို့သည် မင်္ဂလာစျေးတည်ဆောက်ရာတွင် အကျိုးအမြတ်ခွဲဝေမှုအဖြစ် ကုမ္ပဏီမှ ၅၈၇၁၂၄ စတုရန်းပေ၊  ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမှ  ၅၂၄၁၉၇ စတုရန်းပေရရှိမည်ဖြစ်ကြောင်း၊ စာချုပ်အကျိုးသက်ရောက်သည့် နေ့မှ လပေါင်း ၃၀ အတွင်း တည်ဆောက်ရမည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်မင်္ဂလာစျေးသည် Basement နှစ်ထပ်နှင့် ၁၃ လွှာပါဝင်မည်ဖြစ်ပြီး စျေးဆိုင်ခန်း၊ ကားပါကင်၊ ရုံးခန်း၊ ဂိုဒေါင်၊ ဘဏ် စသည်တို့ပါဝင်မည်ဖြစ်ကြောင်း၊ Basement နှစ်ထပ်တွင် ယာဉ် ၃၄၈ စီးရပ်နားနိုင်သည့် ကားပါကင်ပါရှိမည်ဖြစ်ကြောင်း၊ အဆောက်အအုံတစ်ခုလုံးတွင် ယာဉ် ၆၉၉ စီးအထိ ရပ်နားနိုင်ပြီး ပစ္စည်းသိုလှောင်ရန်နေရာများ၊ မီးဘေးအန္တရာယ်ကာကွယ်ရန် အစီအမံများပါဝင်ကြောင်း သိရသည်။

မီးလောင်ခဲ့သည့် မင်္ဂလာစျေးအသစ် ပြန်လည်တည်ဆောက်ရာတွင် ခေတ်ကာလနှင့်အညီ စနစ်တကျ စီးပွားရေး အဆောက်အဦးတစ်ခုဖြစ်ပေါ်လာရေးအတွက် မြန်မာနိုင်ငံ ဗိသုကာကောင်စီမှ အဆောက်အဦးတွင်ပါဝင်ရမည့် လမ်းညွှန်ချက်များကို ထည့်သွင်းပြီး ဒီဇိုင်းပြိုင်ပွဲပြုလုပ်ခဲ့ကာ Amenity Design Group ၏ ၁၅ ထပ် RC အဆောက်အအုံကို ဒီဇိုင်းအဖြစ်ရွေးချယ်ခဲ့ပြီး EOI အဆိုပြုလွှာခေါ်ယူခဲ့ရာ တင်သွင်းသူ ခုနစ်ဦးအနက် ငါးဦး၏အဆိုပြုလွှာကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

ထို့နောက် တင်ဒါအဆိုပြုလွှာခေါ်ယူရာ တင်ဒါအဆိုပြုလွှာဝယ်ယူသူ သုံးဦးအနက် ဆန်းမြတ်ထွန်းဆောက်လုပ်ရေးကုမ္ပဏီသာ proposal တင်သွင်းခဲ့ကြောင်း၊ proposal တင်သွင်းခဲ့သည့် ဆန်းမြတ်ထွန်းကုမ္ပဏီအား နိုင်ငံတော်သမ္မတရုံး၏ တင်ဒါလုပ်ထုံးလုပ်နည်းညွှန်ကြားချက်များဖြင့် စိစစ်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၇/၂၀၁၈ ဖြင့် ရွေးချယ်ခဲ့ကြောင်း သိရသည်။

ယခင်မင်္ဂလာစျေးသည် ၂၀၁၀ ပြည့်နှစ် မေ ၂၄ ရက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၉ ရက်တွင် ထပ်မံလောင်ကျွမ်းခဲ့သဖြင့် စံနှုန်းသတ်မှတ်ချက်များ မပြည့်မီသည့်စျေးဟောင်းအား ဒီဇိုင်းအသစ်ဖြင့် ပြန်လည်တည်ဆောက်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK