Top News

ရောဂါများနှင့်ပတ်သက်ပြီး သုတေသနလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနှင့် အိန္ဒိယတို့ MoU ရေးထိုးနိုင်ရေး ဆွေးနွေး
24htopnews | January 1, 2025 6:12 AM CST

ကူးစက်ရောဂါ၊ မကူးစက်ရောဂါများနှင့် ပတ်သက်၍ သုတေသနလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် မြန်မာနိုင်ငံဆေးသုတေသနဦးစီးဌာနနှင့် အိန္ဒိယဆေးသုတေသန ကောင်စီတို့ နားလည်မှုစာချွန်လွှာရေးထိုးနိုင်ရေး ဆွေးနွေးထားကြောင်း သိရသည်။

အဆိုပါကိစ္စကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အိန္ဒိယနိုင်ငံ ကျန်းမာရေးသုတေသနဆိုင်ရာ အမြဲတမ်းအတွင်းဝန်နှင့် အိန္ဒိယဆေးသုတေ သနကောင်စီ၏ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်သောအဖွဲ့နှင့် တွေ့ဆုံစဉ်ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ ဆေးသုတေသနကောင်စီမှ အဆင့်မြင့်သုတေသနပညာရှင်များ ဦးဆောင်သောအဖွဲ့မြန်မာနိုင်ငံသို့ လာရောက်၍ ပူးပေါင်းဆောင်ရွက်ရန် စီမံချက်ချမှတ်ရေးဆွဲနိုင်ရေးကိုလည်းကောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် Regional Research Platform for emerging and reemerging infectious diseases ၏ နောက်ဆက်တွဲလုပ်ငန်းများကို မြန်မာနိုင်ငံအနေဖြင့် ထိရောက်စွာပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

ထို့ပြင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအောက်ရှိ ဆေးသုတေသန ဦးစီးဌာန (ပြင်ဦးလွင်)အား သုတေသနလေ့ကျင့် ရေးဗဟိုဌာန(Research Training Centre)အဖြစ် လုပ်ဆောင်လျက်ရှိပြီး သုတေသနကျင့်ဝတ်၊ သုတေသနနည်းစနစ်နှင့် အခြားသုတေသန ပညာရပ်ဆိုင်ရာသင်တန်းအမျိုးမျိုးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆေးပညာရပ်နယ်ပယ်အသီးသီး၌ သုတေသနလုပ်ငန်းများအတွက် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေကျပ်သန်း ၁၅၀၀ ခွဲဝေချထားပေးပြီးဖြစ်ကြောင်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်းက သုတေသနရန်ပုံငွေအဖြစ် ကျပ်သန်း ၁၀၀၀ ကို ခွဲဝေချထားပေးနိုင်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်(ဧပြီလမှ စက်တင်ဘာလအထိ)ကိုဘဏ္ဍာငွေ ကျပ်သန်း ၅၀၀ ခွဲဝေချထားပေးခဲ့ကြောင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်များပြီး အချိန်တိုအတွင်း လက်တွေ့အကျိုးရလဒ်ရရှိရန် ခက်ခဲသော Basic Research များကို ပြုလုပ်ခြင်းထက် ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ တိုင်းရင်းဆေး၊ အားကစားစသည်ဖြင့် လုပ်ငန်းများတွင် လက်တွေ့ပြန်လည်အသုံးချနိုင်မည့် သုတေသနများကို ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

 


READ NEXT
Cancel OK