
ကမ္ဘာ့ရွှေစျေး၊ ဒေါ်လာစျေးများ မြင့်တက်လာခြင်းနှင့်အတူ ဘဏ်လုပ်ငန်းများ၏ ကောလာဟလ သတင်းများကြောင့် ဘဏ်တွင်အပ်နှံထားသောငွေများထုတ်ယူပြီး ရွှေဝယ်ယူစုဆောင်းသူများလာသောကြောင့် ပြည်တွင်းရွှေစျေး ပိုမိုမြင့်တက်လာနေခြင်းဖြစ်ပြီး ကောလာဟလများတည်ငြိမ်သွားပါက ပြန်လည်ကျဆင်းသွားနိုင်ကြောင်း ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်နှင့် အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်တို့က သုံးသပ်ပြောကြားသည်။
ကမ္ဘာ့ရွှေစျေးနှုန်းသည် စက်တင်ဘာ ၅ ရက်တွင် ၁၅၄၈ ဒေါ်လာဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး ဒေါ်လာစျေးပါ မြင့်တက်လာသောကြောင့် ပြည်တွင်းရွှေစျေးနှုန်း ကျပ် ၁၃၁၅၀၀၀ ဝန်းကျင်အထိ စံချိန်တင် ဆက်လက်မြင့်တက်လာနေသည်။
ထိုသို့စျေးနှုန်းဆက်တိုက်မြင့်တက်နေမှုများမှာ ဘဏ်များ၏ ချေးငွေပြန်တောင်းမှု အခြေအနေနှင့် ဗဟိုဘဏ်မှ သက်တမ်းတိုးပေးမည် မဟုတ်ဟုဆိုသည့် လုပ်ငန်းရှင်များနှင့်ဘဏ်အကြား အခြေအနေကြောင့် ဘဏ်ကောလာဟလသတင်းများ ထွက်ပေါ်လာသည့်အချိန်နှင့် ကမ္ဘာ့ရွှေစျေး၊ ဒေါ်လာစျေး မြင့်တက်နေသည့်အချိန် တိုက်ဆိုင်သွားသောကြောင့် မြန်မာ့ရွှေစျေး ဆက်တိုက်မြင့်တက်နေခြင်းဖြစ်ကြောင်း ဦးမျိုးမြင့်က သုံးသပ်သည်။
“ကျွန်တော်တို့ အပြင်မှာကြားနေရတာက ဘဏ်တွေ ပိတ်မယ်။ ဗဟိုဘဏ်ကလည်း စည်းကမ်းမညီညွတ်တာတွေကို အရေးယူမယ်ဆိုပြီး ကောလာဟလတွေ ထွက်လာတယ်။ ရွှေစျေးဆိုတာက ဝယ်လိုအားမရှိတော့ရင် ချက်ချင်းပြန်ကျတယ်။ ကောလာဟလဆိုတာကလည်း ရောင်းတဲ့သူကကော လာဟလထုတ်ပြီး ရောင်းလို့မရဘူး။ ဝယ်တဲ့သူတွေအပေါ်မှာပဲ မူတည်တယ်။ နောက်တစ်ခုကတော့ မူဆယ်လမ်းကြောင်းပေါ့။ အဲဒါက တရားဝင်ပြောရတာကတော့ ခက်တယ်။ သူကပဲမှောင်ခိုဝင်နေတာ။ အဲဒီလမ်းက ပိတ်သွားတော့ ဒီဘက်မှာ ပစ္စည်းပြတ်သွားတာ” ဟု ဦးမျိုးမြင့်က ပြောကြားသည်။
ထိုကဲ့သို့ ရွှေဝယ်လိုအားများပြားလာခြင်းကြောင့် ပုံမှန်ရက်တွင် ရောင်းဝယ်နေကျ ရွှေပိဿာချိန် ၅၀ ကို နံနက် ၁၀ နာရီကတည်းက ရောင်းထုတ်လိုက်ရကြောင်းနှင့်၊ အဓိကအားဖြင့် ရောင်းချသည့်သူကြောင့် ရွှေစျေးမြင့်တက်ခြင်းမဟုတ်ဘဲ ကောလာဟလ သတင်းများကြောင့် ရွှေဝယ်သူ စုဆောင်းသူများပြားခဲ့ပြီး မြန်မာ့ရွှေစျေး မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိမြင့်တက်နေသောရွှေစျေး ပြန်လည်ကျဆင်းရန်ကိုမူ မူဆယ်လမ်းပြန်ပွင့်ခြင်းနှင့် ဘဏ်ကောလာဟလသတင်းများ တည်ငြိမ်သွားပါက ပြည်တွင်းရွှေစျေး ပြန်ကျလာနိုင်မည်ဖြစ်ကြောင်း ဦးမျိုးမြင့်က သုံးသပ်သည်။
“ဘဏ်ဂယက်တွေကြောင့် ပြည်သူလူထုက စိုးရိမ်ပြီး ရွှေတွေဝယ်ယူမှုတွေ များတာတွေနဲ့ ကမ္ဘာ့ရွှေစျေးကလည်း တရိပ်ရိပ်နဲ့ တက်လာသလို ပြင်ပဒေါ်လာစျေးကလည်း တက်လာတာတွေကြောင့်လည်း ရွှေစျေးမငြိမ်မသက်ဖြစ်ရတာပါ။ ကောလာဟလကြောင့် တက်တဲ့စျေးနှုန်းမျိုးက ကောလာဟလကာလ အကန့်အသတ်တစ်ခုထိပဲ တက်ပြီးတော့ ကောလာဟလသတင်း ငြိမ်သက်သွားရင် ပြန်လည်ကျဆင်းသွားမှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းမြင့်က ပြောကြားသည်။
ထိုသို့ ရွှေစျေးအတက်အကျမြန်ခြင်း၊ ရွှေစျေးမငြိမ်မသက်ဖြစ်ခြင်းတို့နှင့် ပတ်သက်၍ ရွှေရှိမှ ရွှေကိုရောင်းရန်၊ ရွှေထိ၊ ငွေထိ၊ ရွှေမြန်၊ ငွေမြန် အရောင်းအဝယ်လုပ်ရန်နှင့် ကြိုရောင်းကြိုဝယ်မလုပ်ကြရန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ အသင်းဝင်များအား တားမြစ်ထားကြောင်း ဦးဝင်းမြင့်က ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်