Top News

သပိတ်မှောက်် တောင်းဆိုမှု ငါးရက်မြောက်တွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်က ရင်းနှီးသည့် လုပ်ငန်းရှင်ကို Food Court လုပ်ကိုင်ခွင့်ပေးထားခြင်းအား ဒုဝန်ကြီး ဦးဆောင်သည့်အဖွဲ့က စစ်ဆေးရန် ညွှန်ကြားချက်ထုတ်ပြန်
24htopnews | January 1, 2025 6:12 AM CST

သပိတ်မှောက်် တောင်းဆိုမှု ငါးရက်မြောက်တွင် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ်က ရင်းနှီးသည့် လုပ်ငန်းရှင်ကို Food Court လုပ်ကိုင်ခွင့်ပေးထားခြင်းအား ဒုဝန်ကြီး ဦးဆောင်သည့်အဖွဲ့က စစ်ဆေးရန် ဝန်ကြီးဌာနမှ စက်တင်ဘာ ၅ ရက် ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိသည်။

“မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသီတာဝင်းမှ နိုင်ငံတော်သမ္မတ ညွှန်ကြားချက်အား ချိုးဖောက်ပြီး ၎င်းနှင့်ရင်းနှီးကျွမ်းဝင်သည့် လုပ်ငန်းရှင်အား  Food Court လုပ်ကိုင်ခွင့် ပေးထားသည့်ကိစ္စအား ပြင်းထန်စွာ အရေးယူပေးပါရန်” နှင့် အဆိုပါကိစ္စအား “စစ်ဆေးရန်အတွက် ဌာနဆိုင်ရာ စစ်ဆေးရေးအဖွဲ့ကို ဥက္ကဋ္ဌအဖြစ် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ အဖွဲ့ဝင် (၁) အဖြစ် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ အဖွဲ့ဝင် (၂) အဖြစ် မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်မြတ်ကျော်စိန်တို့အား  တာဝန်ပေးအပ်သည့် အမိန့်စာကို ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လက်မှတ်ထိုးဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

Food Court တည်ဆောက်ခြင်းနှင့် ပတ်သက်၍ ပါမောက္ခချုပ် အလိုမရှိ ပါဝင်သော အချက် ငါးချက်အား မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ သပိတ်မှောက် တောင်းဆိုမှုများကို စက်တင်ဘာလ ၂ ရက ်နံနက် ၁၀ နာရီမှ စတင်ပြုလုပ်ခဲ့ရာ ညပိုင်းအချိန်တွင်မူ ကျောင်းတာဝန်ရှိသူများက ကျောင်းသားမိဘများထံ ဖိအားပေး ပြန်ခေါ်စေမှုများ ပြုလုပ်သောကြောင့် ယင်းနေ့ညတွင် သပိတ်ကို ခေတ္တရပ်နားခဲ့ကြောင်း၊ စက်တင်ဘာလ ၃ ရက်နေ့ နံနက်တွင် သပိတ်ကို ပြန်လည်စတင်ခဲ့ပြီး ဆန္ဒပြ ကျောင်းသူနှစ်ဦး ကျန်းမာရေး အခြေနေကြောင့် ဆေးကုသမှု ခံယူခဲ့ရသော်လည်း ကျန်ကျောင်းသား ကျောင်းသူများက ဆက်လက် တောင်းဆိုခဲ့ကြကြောင်း ဆက်လက်ပြီး စက်တင်ဘာလ ၄ ရက်တွင်မူ အခြားတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသား ကျောင်းသူများမှလည်း လာရောက်ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး ဆက်လက် တောင်းဆိုနေခဲ့ရာ လေးရက်မြောက် စက်တင်ဘာလ ၅ ရက်တွင် အရှိန်ဟုန် မြင့်တက်လာခဲ့သည်။

ကျောင်းတွင်း လှည့်လည်ကြွေးကြော်ခြင်း၊ သပိတ်မှောက်ရသည့် အကြောင်းရာနှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများကို ရှင်းပြခြင်း၊ လက်ပတ် ပတ်ပေးခြင်း စသည်တို့ကို တခြား တက္ကသိုလ် ကျောင်းသားများသမဂ္ဂများမှလည်း လာရောက်ပူးပေါင်း ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၄ ရက် ညတွင် ကျောင်းတာဝန်ရှိသူများက လာရောက် တွေ့ဆုံခဲ့ရာ ကျောင်းသားများ သပိတ်မှောက်ထားသည့် အဖွဲ့ဖြစ်နေသလို သပိတ်ရပ်ရစေရန် အယောင်ပြ ညှိနှိုင်းခြင်းဖြစ်ဟုဆိုကာ သမဂ္ဂအနေဖြင့်  ဆက်လက် ဆွေးနွေးခြင်းမရှိဘဲ အစည်းဝေးခန်းမတွင်းမှ ဆက်လက် ထွက်လာခဲ့ကြောင်း သိရသည်။

ကျောင်းသားများ တောင်းဆိုမှုကို ၄၈ နာရီအတွင်း လာရောက်ဖြေရှင်းခြင်း မရှိဘဲ လျှစ်လျူရှုခဲ့ပါက နောင်ဖြစ်လာမည့် အကျိုးဆက်အားလုံး၏ တာဝန်သာဖြစ်ကြောင်း မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ သပိတ်ဦးဆောင်ကော်မတီမှလည်း စက်တင်ဘာ ၅ ရက်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၆ ရက်တွင် မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ပိုမိုပြင်းထန်သည့် သပိတ်မှောက် တောင်းဆိုမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့သည်။

“အခုလို အရေးယူပေးဖို့ စစ်ဆေးရေးအဖွဲ့ ဖွဲ့လိုက်တာကို သိရပါတယ်။ စစ်မှန်ယုံကြည်ရတဲ့ စုံစမ်းစစ်ဆေးမှုလား ဆိုတာ စောင့်ကြည့်သွားပါမယ်။ စစ်ဆေးနေတဲ့ ကာလမှာ သပိတ်ရပ်နားတာမျိုး လုပ်ချင်လည်း လုပ်မယ်။ သပိတ်တော့ မလှန်ပါဘူး။ အခြေတွေပေါ် မူတည်ပြီးမှ ပြန်ပြောပြနိုင်မယ်”ဟု မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ အဖွဲ့ဝင် မယမင်းသူက ပြောကြားခဲ့သည်။

မှန်ကန်မျှတသော စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေး အရေးယူပေးရေး၊ ပညာရေးဝန်ကြီးဌာန၏ ဘက်လိုက်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ အလိုမရှိ၊ မန္တလေးတက္ကသိုလ်ကို အသုံးချပြီး ကိုယ်ကျိုးရှာသော ပါမောက္ခချုပ် အလိုမရှိ၊ နိုင်ငံတော်သမ္မတ ညွှန်ကြားချက်နှင့် တည်ဆဲဥပဒေကို ဖောက်ဖျက် လုပ်ဆောင်သော ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကို စစ်ဆေးအရေးယူပေးရေး၊ ကျောင်းတွင်းစီမံကိန်း ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာစွာ ချပြရေး စသည်အချက်များကို ကျောင်းသားကျောင်းသူများမှ ရေးသားဟစ်ကြွေး တောင်းဆိုနေခြင်း ဖြစ်သည်။

 

 


READ NEXT
Cancel OK