
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတစ်ဝှမ်းရာနှုန်းပြည့် ကောက်ယူနိုင်ခဲ့သည့် မြို့နယ် ၁၄၅ မြို့နယ်သာရှိပြီး တစ်စိတ်တစ်ဒေသ ကောက်ယူနိုင်သည့်မြို့နယ် ၁၂၇ မြို့နှင့် လုံးဝမကောက်ယူနိုင်သည့်မြို့နယ် ၅၈ မြို့နယ် ရှိကြောင်း သိရသည်။
" ၂၀၂၄ ခုနှစ်၊ လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာမှာ အေးချမ်းစွာအပြည့်အဝကောက်ယူနိုင်ခဲ့တဲ့ မြို့နယ်များရှိသလို လုံခြုံရေးနဲ့ လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ခက်ခဲစွာကောက်ယူခဲ့ရတဲ့ မြို့နယ်များရှိခဲ့ပါတယ်။ လုံးဝမကောက်ယူနိုင်တဲ့ မြို့နယ်များလည်း ရှိပါတယ်။ ဒါပေမယ့် လုံးဝမကောက်ယူနိုင်တဲ့ မြို့နယ်များကတော့ တစ်နိုင်ငံလုံးအနေအထားမှာ ၆ ပုံ ၁ ပုံ ခန့်သာ ရှိကြောင်း တင်ပြလိုပါတယ်။ မကောက်ယူနိုင်တဲ့ဒေသများမှာရှိတဲ့ လူဦးရေကို လူဦးရေပညာ၊ Remote Sensing နည်းပညာ၊ နိုင်ငံတကာအကြံပေး၏ခန့်မှန်းတွက်ချက်မှု၊ ဌာနဆိုင်ရာစာရင်းအင်းများစတဲ့အချက်အလက်တွေ အသုံးပြုပြီးတော့ ခန့်မှန်းလူဦးရေစာရင်းကို တွက်ချက်တင်ပြတာ ဖြစ်ပါတယ်" ဟု ဗဟိုသန်းခေါင်စာရင်းကော်မရှင် ဥက္ကဋ္ဌ၊ လူဝင်လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ(De facto Method) ဖြင့် ကောက်ယူခဲ့ပြီး စာရင်းကောက်ယူသည့်နည်းလမ်းသည် စာရင်းကောက်များက မိမိတို့ တာဝန်ကျရာ စာရင်းကောက်ကွက်အတွင်း တစ်အိမ်တက်ဆင်း အိမ်တိုင်ရာရောက် Mobile Tablet များဖြင့် ကွန်ပျူတာ အထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Interviewing- CAPI)နှင့် ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးက " ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်း သန်းခေါင်စာရင်းမှရရှိတဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ လူဦးရေကတော့ (၅၁၃၁၆၇၅၆) ဦးဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါတယ်။ အဲဒီစာရင်းမှာ မြေပြင်သန်းခေါင်စာရင်း ကောက်ယူရရှိတဲ့ လူဦးရေက (၃၂၁၉၁၄၀၇) ဦးဖြစ်ပြီး စာရင်းမကောက်ယူနိုင်တဲ့ ဒေသများအတွက် လူဦးရေပညာအရ စိစစ်ရရှိတဲ့ လူဦးရေကတော့ (၁၉၁၂၅၃၄၉)ဦးဖြစ်ပါတယ်။ အမျိုးသား (၁၅၁၀၅၂၁၅) ဦးနဲ့ အမျိုးသမီး (၁၇၀၈၆၁၉၂)ဦး ရှိတဲ့အတွက် အမျိုးသမီးအရေအတွက် ပိုများနေတာကို တွေ့းရပါတယ်။ အမျိုးသား ၄၆ ဒသမ ၉ ရာခိုင်နှုန်းရှိပြီး အမျိုးသမီး ၅၃ ဒသမ ၁ ရာခိုင်နှုန်းရှိပါတယ်" ဟု ပြောကြားသည်။
စာရင်းမကောက်ယူနိုင်သည့် ဒေသများအတွက် Remote Sensing နည်းပညာနှင့် ခန့်မှန်းထားသည့် လူဦးရေအပါအဝင် မြန်မာနိုင်ငံ၌ လူဦးရေ (၁၀၀)တွင် မြို့ပြ၌ နေထိုင်သူ (၃၁) ဦးနှင့် ကျေးလက်၌ (၆၉)ဦး နေထိုင်သည်ကို တွေ့ရကြောင်း၊ ကျား/မ ပါဝင်မှုအချိုးကို လေ့လာကြည့်မည်ဆိုပါက တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် အမျိုးသမီး ၁၀၀ ဦးတွင် အမျိုးသား ၈၈ ဦးသာ ရှိနေသည်ကို တွေရကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက " တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် လေ့လာကြည့်မယ်ဆိုရင် ကယားပြည်နယ်တစ်ခုတည်းသာ ထူးထူးခြားခြား စစ်ဘေးရှောင်ရတဲ့ဖြစ်စဥ်တွေ ရှိတဲ့အတွက် အမျိုးသမီး(၁၀၀)ဦးမှာ အမျိုးသား(၁၂၀)ဦးရှိနေတာကို တွေ့ရှိရပါတယ်။ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များမှာတော့ အမျိုးသမီးအရေအတွက်က ပိုများနေတာကို တွေ့ရမှာဖြစ်ပါတယ်"ဟု ပြောကြားသည်။
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကြီးသည် နိုင်ငံတကာ အကူအညီမပါဘဲ နိုင်ငံတွင်း၌ရှိသည့် လူ့စွမ်းအားအရင်းမြစ်၊ ဘဏ္ဍာငွေအရင်းမြစ်များဖြင့် အခက်အခဲ၊ စိန်ခေါ်မှုများကြားမှ အချင်းချင်း တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှု စွမ်းအားများနှင့် အောင်မြင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
" ဒီလုပ်ငန်းကြီးကို နှောက်ယှက်ဖျက်ဆီးလိုတဲ့ အကြမ်းဖက် အဖွဲ့အစည်းများက စာရင်းစစ်/စာရင်းကောက်၊ သန်းခေါင်စာရင်း ကော်မတီဝင် တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး (၂၁)ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ (၁၉) ဦးပြန်လည် လွတ်မြောက်နိုင်အောင် ဆောင်ရွက်ခဲ့ပြီးတော့ နှစ်ဦး ကျန်နေပါသေးတယ်။ ဒီနှစ်ဦး လွတ်မြောက်ဖို့လည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။ သက်စွန့်ဆံဖျား သန်းခေါင်စာရင်းကောက်ယူရင်းကျဆုံးခဲ့တဲ့ သန်းခေါင်စာရင်းကော်မတီဝင် တစ်ဦးကို “ရဲဗလ” ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခဲ့ပြီး သက်စွန့်ဆံဖျား ကြိုးစားဆောင်ရွက်ခဲ့တဲ့ စာရင်းစစ်၊ စာရင်းကောက်များကိုလည်း စွန့်စွန့်စားစား လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် ဂုဏ်ထူးဆောင်ဘွဲ့များရရှိရေး တင်ပြဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်" ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
သန်းခေါင်စာရင်း ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများကို (၃၆)လကြာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ၌ GIS နည်းပညာနှင့် သန်းခေါင်စာရင်းမြေပုံများနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်း၊ CAPI စနစ် တည်ဆောက်ခြင်းနှင့် Application ရေးသားခြင်း၊ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူခြင်း၊ စာရင်းစစ်၊ စာရင်းကောက်များ ခန့်ထားခြင်းနှင့် နည်းပြသင်တန်း၊ စာရင်းစစ်၊ စာရင်းကောက်သင်တန်းများ အဆင့်ဆင့်ဖွင့်လှစ်ခြင်း၊ လုပ်ငန်းသုံး Mobile၊ Tablet၊ Server နှင့် Computer များ၊ ဆက်စပ်ပစ္စည်းများ ဝယ်ယူဖြည့်တင်း/ဖြန့်ဝေပေးခြင်း၊ ပြည်သူလူထုအသိပညာပေး အစီအစဉ်များ ကျင်းပပြုလုပ်ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းကြောင့် သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရာတွင် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ပြီး အောက်တိုဘာလ (၁) ရက်မှ (၁၅) ရက်အထိ ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေး အခြေအနေများကြောင့် ဒေသအချို့၌ ရက်တိုးမြှင့် ကောက်ယူခဲ့ခြင်းများလည်းရှိကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်