Top News

မြိုင်ကြီးငူအထူးဒေသနှင့် ကရင်ပြည်နည်အတွင်းရှိ မြို့၊ ရွာများတွင် ကရင်နှစ်သစ်ကူးပွဲတော်များ ကျင်းပ
24htopnews | December 30, 2024 10:12 PM CST

ကရင်ပြည်နယ်အတွင်းရှိ မြိုင်ကြီးငူအထူးဒေသ မြိုင်ကြီးငူထာဝရကရင်နှစ်သစ်ကူးကွင်းတွင် နှစ်သစ်ကူးပွဲတော်ကို စည်ကားစွာ ကျင်းပခဲ့သလို ကရင်ပြည်နယ်ရှိ  မြို့၊ ရွာများတွင် ကရင်နှစ်သစ်ကူးပွဲတော်နှင့် ကောက်သစ်စားပွဲတော်ကို စည်ကားစွာ ကျင်းပခဲ့ကြကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ် မြိုင်ကြးငူအထူးဒေသရှိ ထာဝရကရင့်နှစ်သစ်ကူးကွင်းတွင် အကြိမ်(၃၀)မြောက် ကရင်နှစ်သစ်ကူးပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ၂၀၂၄ခုနှစ် ဒီဇင်ဘာ ၃၀ ရက် နံနက် ၆ နာရီခန့်တွင် အစဉ်လာအတိုင်း ကရင့်အမျိုးသားအလံတော်ကိုလွှင့်တင်ခဲ့ပြီး ကရင်နှစ်သစ်ကူးနေ့ဖြစ် ပေါ်လာရခြင်းအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်ပြည်သူများ၊ နောင်လာနောင်သားများစပါး၊ဆန် ပေါကြွယ်ဝလာစေရေးအတွက် စပါးကိုတောင်လိုပုံပြီး ကောက်သစ်စားပွဲတော်ကို ကျင်းပခဲ့ကြသည်။

ယခုနှစ်ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့သည် ကရင်နှစ် ၂၇၆၃ မှ ၂၇၆၄ သို့ ကူးပြောင်းသည့်နှစ်ဖြစ်သည်။

ကရင်နှစ်သစ်ကူးပွဲတော်၊ ကရင့်ရိုးရာကောက်သစ်စားခြင်းမင်္ဂလာအခမ်းအနားသို့ တက်ရောက်လာသည့် ကရင်လူငယ်တစ်ဦးက “ဒါရိုးရာပေါ့နော်၊ ရိုးရာအစဉ်လာအရ စားသုံးခြင်းဖြစ်ပါတယ်၊ နောင်လာမဲ့နှစ်သစ်တွေမှာလည်း ကရင်ပြည်နယ်နဲ့ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေလို့ ဆုတောင်းပါတယ်၊ လွတ်လွတ်လပ်လပ် လုပ်ကိုင်စားသောက် အဆင်ပြေကြပါစေလို့ဆုတောင်းပါတယ်” ဟု ပြောကြားခဲ့သည်။

အလားတူ မြန်မာ-ထိုင်းနယ်စပ်  မြဝတီအမှတ် ၅ ရပ်ကွက်ရှိ ထာဝရကရင့်နှစ်သစ်ကူးကွင်းတွင် ဒီဇင်ဘာ ၃၀ ရက်နံနက်က ကရင်အမျိုးသားနှစ်သစ်ကူးနေ့နှင့် ကောက်သစ်စားပွဲတော် အခမ်းအနားကို စည်ကားစွာကျင်းပခဲ့ကြောင်း သိရသည်။

ကရင်နှစ်သစ်ကူးနေ့ကို ကရင်တိုင်းရင်းသားများသည် ခရစ်မပေါ်မီ ဘီစီ ၇၃၉ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံတွင် ကရင်နှစ်သစ်ကူးနေ့ကို တရားဝင်အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးနိုင်ရေးအတွက် ကရင်လွှတ်တော်အမတ်များက ၁၉၃၈ ခုနှစ်တွင် လွှတ်တော်ကိုတင်သွင်းခဲ့ခြင်းဖြစ်ရာ ကရင်လွှတ်တော်အမတ်များနှင့်အတူ အခြားသောလွှတ်တော်အမတ်များကပါ ကန့်ကွက်သူမရှိဘဲ  ထောက်ခံခဲ့ကြသည့်အတွက် ကရင်နှစ်သစ်ကူးနေ့ကို  တရားဝင်အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်လာခဲ့သည်မှာ ယခုဆိုရင် (၈၆) နှစ်ရှိပြီးဖြစ်ကြောင်း သိရသည်။


READ NEXT
Cancel OK