Top News

မြန်မာ့ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲတွင် အီရန်ဖိုက်တာ ဂိုဗန်ခါလစ်ကို ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရ
24htopnews | December 30, 2024 7:12 PM CST

မြန်မာ့ရိုးရာလက်ဝှေ့သမားဖြစ်သူ စိုးမိုးဇော်သည် ဒီဇင်ဘာ (၂၉) ရက်က ကျင်းပခဲ့သည့် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲတွင် အီရန်ဖိုက်တာ  ဂိုဗန်ခါလစ်ကို ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရခဲ့ကြောင်း သိရသည်။

Kun Khmer Mattrid Grand Fight ဟု အမည်ရသည့် ကမ္ဘောဒီးယား ခွန်ခမာပြိုင်ပွဲတွင် စိုးမိုးဇော်သည် အဓိကခေါင်ပွဲအဖြစ် အီရန်ဖိုက်တာ ဂိုဗန်ခါလစ်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်နှင့် အီရန်ဖိုက်တာ ဂိုဗန်ခါလစ်တို့သည် (၆၃.၅) ကီလိုတန်းတွင် နိုင်ငံတကာ ခွန်ခမာစည်းမျဉ်းအတိုင်း (၃) မိနစ်၊ (၃) ချီ ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်သည် ပွဲစတင်ကတည်းက ဘယ်ညာလက်သီးတွဲလုံးများကိုသာ အဓိကအားပြုအသုံးပြုခဲ့သည်။

စိုးမိုးဇော်၏ အားပါပြင်းထန်သည့် လက်သီးတွဲလုံးများကြောင့် အီရန်ဖိုက်တာ ဂိုဗန်ခါလစ်မှာ မကြာခဏဆိုသလို အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။

အီရန်ဖိုက်တာ ဂိုဗန်ခါလစ်သည် အမြင့်ခြေကန်ချက်များနှင့် ဘယ်ထောက်လက်သီးများကိုအဓိကအားပြုသုံးခဲ့သော်လည်း မထိရောက်ခဲ့ချေ။

စိုးမိုးဇော်၏ အတင်းဝင်ဖိအားပေးထိုးသတ်မှုများက အီရန်ဖိုက်တာ ဂိုဗန်ခါလစ်အတွက် တန်ပြန်တိုက်စစ် ပြန်စတင်ရန်ပင် ခက်ခဲစေခဲ့သည်။

စိုးမိုးဇော်သည် လူချင်းအပူးတွင် အနီးကပ်လက်သီးတွဲလုံးများဖြင့် ပွဲသိမ်းနိုင်ရန် ကြိုးစားခဲ့သည်။

ပထမအချီ (၁.၂၁) မိနစ်မှာပင် စိုးမိုးဇော်၏ အနီးကပ်လက်သီးတွဲလုံးများကြောင့် အီရန်ဖိုက်တာ ဂိုဗန်ခါလစ် ပြုတ်ကျခဲ့ပြီး ကြိုးဝိုင်းဒိုင်က ပွဲရပ်ကာ စိုးမိုးဇော်ကို အလဲထိုးဖြင့် အနိုင်ပေးခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်သည် ယခုပွဲမတိုင်မီ နောက်ဆုံးပွဲအဖြစ် ပြီးခဲ့သည့်ဒီဇင်ဘာ ၈ ရက်က ကမ္ဘောဒီးယားနိုင်ငံ၊ ဆီရမ်ရိဗ်မြို့တွင် (၅) ကြိမ်မြောက် ကမ္ဘာ့ခွန်ခမာပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာနှင့် ထိုးသတ်ခဲ့ရပြီး သရေကျခဲ့သည်။

စိုးမိုးဇော်သည် ကမ္ဘောဒီးယားနိုင်ငံတွင် အခြေချ၍ ခွန်ခမာပြိုင်ပွဲများကို အဓိကအားပြုထိုးသတ်နေသူဖြစ်သည်။

စိုးမိုးဇော်သည် ပရော်ဖက်ရှင်နယ်ဖိုက်တာဘဝ ပွဲပေါင်း ၂၄ ပွဲ ထိုးသတ်ထားပြီး ၁၄ ပွဲအနိုင်ရထားကြောင်း သိရသည်။

စိုးမိုးဇော် နောက်ဆုံးရှုံးနိမ့်ထားခြင်းမှာ ပြီးခဲ့သည့်နိုဝင်ဘာအတွင်းက ဥဇဘက်ကစ္စတန်ဖိုက်တာ၏ အလဲထိုးမှုဖြင့် ရှုံးနိမ့်ထားခြင်းဖြစ်သည်။ 


READ NEXT
Cancel OK