
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက် နိုင်ငံရေး၊ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းများဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဒေသနှင့် လူမျိုးအကျိုးကို မျက်ကွယ်ပြုနေဟု နစကဥက္ကဋ္ဌက ပြောကြားသည်။
ယနေ့(ဒီဇင်ဘာ ၂၈ ရက်)တွင် ကျင်းပသည့် နှစ် (၅၀) ပြည့် ရွှေရတု အာခါ အမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်တာဝန်ကို စတင်ထမ်းဆောင်ချိန် မှစ၍ နိုင်ငံတော်နှင့်ပြည်သူတို့၏အကျိုးကို ရှေးရှုကာ ရည်မှန်းချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များ ချမှတ်ပြီး နိုင်ငံတစ်ဝန်းလုံး အကြားအလပ်မရှိ ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်အတွင်း ဒေသအချို့တွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေးအတွက်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် တွေ့ဆုံဆွေးနွေးရေးနည်းလမ်းများဖြင့် ဖြေရှင်းရန်ဖိတ်ခေါ်ထားရှိပြီးဖြစ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့အနေဖြင့် မိမိဒေသနှင့် မိမိလူမျိုးအကျိုးကို မျက်ကွယ်ပြုကာ အကြမ်းဖက်လုပ်ရပ်များကို တစိုက်မတ်မတ် ဆက်လက်ဆောင်ရွက်နေသည်ကို တွေ့မြင်နေရကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
အာခါလူမျိုးတို့အနေဖြင့် နိုင်ငံတော်အစိုးရ လျှောက်လှမ်းနေသည့် လမ်းကြောင်းအတိုင်း လိုက်ပါ၍ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် မိမိတို့၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာသည်ကို တွေ့ရှိခဲ့ရပြီးဖြစ်ကြောင်း၊ ထို့ကြောင့် အာခါ လူမျိုးတို့အနေဖြင့် နိုင်ငံတော်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေမှုများကို ဆက်လက်ထိန်းသိမ်းကာ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် လူမှုစီးပွားကဏ္ဍအသီးသီးမှာ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ပြီး မိမိတို့ဒေသနှင့် လူမျိုးအကျိုးကို ပိုမိုမြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
အာခါလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသများသို့ ဝင်ရောက်အခြေချနေထိုင်ခဲ့သည့် (၁၁)ရာစုအစောပိုင်း အချိန်ကာလများမှစ၍ ဒေသခံတိုင်းရင်းသားလူမျိုးများနှင့် အေးအတူပူအမျှစိတ်ဓာတ်ဖြင့် ပြည်ထောင်စု စိတ်ဓာတ်ကိုအရင်းခံကာ စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့သည်ကို တွေ့ရှိရပြီး ခေတ်အဆက်ဆက်တွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
အာခါလူမျိုးတို့ နေထိုင်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒေသသည် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးစသည့်ကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မြင့်မားနေသည်ကို တွေ့ရှိရပြီး ပညာရေးကဏ္ဍတိုးတက်မှု၏ရလဒ်အဖြစ် ယခုအခါ နိုင်ငံတော်၏ ကာကွယ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးနယ်ပယ်အသီးသီးတွင် အာခါလူမျိုးတပ်မတော်သားများ၊ ပြည်သူ့ဝန်ထမ်းများအနေဖြင့် ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နေကြသည်ကို ဂုဏ်ယူဖွယ်တွေ့မြင်ရကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
အာခါလူမျိုးတို့အနေဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော တရုတ်၊ လာအို၊ ထိုင်း စသည်တို့နှင့် နယ်နိမိတ်ထိစပ်နေသော နယ်စပ်ဒေသများတွင် နေထိုက်လျက်ရှိသောကြောင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်ပြီး နယ်စပ်ဒေသတည်ငြိမ်ရေး၊ နယ်စပ်ဒေသကုန်သွယ်ရေးလုပ်ငန်းများ တိုးတက်ကောင်းမွန် ခြင်းမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
အာခါလူမျိုးတို့အနေဖြင့် နိုင်ငံတော်နှင့်ဒေသအတွက် မှတ်ကျောက်တင်ခံနိုင်သော သမိုင်းမှတ်တမ်းကောင်းများကို ရေးထိုးခဲ့ကြပြီးဖြစ်သလို ဆက်လက်ရေးထိုးနိုင်ရေး ကြိုးပမ်းကြလိမ့်မည်ဟု ယုံကြည်ပါကြောင်းလည်း နစက ဥက္ကဋ္ဌက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်