Top News

လမ်းပတ်၏အသင်းကို ဂိုးပြတ်ရှုံးနိမ့်သော်လည်း ပလိုင်းမောက်အသင်းကို ဆက်လက်ဦးဆောင်ရန် ယုံကြည်မှုရှိဟု ရွန်နီ ဆို
24htopnews | December 29, 2024 9:12 PM CST

 

ချန်ပီယံရှစ်ကလပ် ပလိုင်းမောက်အသင်းနည်းပြ ၀ိန်းရွန်နီက အင်္ဂလန်အသင်းဖော်ဟောင်း ဖရန့်လမ်းပတ်ကိုင်တွယ်နေသည့် ကိုဗင်ထရီအသင်းအား ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း အသင်းကို ဆက်လက်ဦးဆောင်ရန် ယုံကြည်မှုရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့သည်။

Boxing Day ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၂၆ ရက်က ယှဉ်ပြိုင်ကစားသည့်ပွဲတွင် ကိုဗင်ထရီအသင်းက ပလိုင်းမောက်အသင်းအား အိမ်ကွင်း၌ (၄-၀) ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ပလိုင်းမောက်အသင်းသည် နောက်ဆုံးခြောက်ပွဲတွင် ငါးပွဲမြောက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်ပြီး နိုဝင်ဘာဒုတိယပတ်မှစ၍ ရှစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားသည်။ ထို့ပြင် ၂၂ ပွဲကစား၊ ရမှတ် ၁၈ မှတ်ဖြင့် ဇယားအောက်ဆုံးရောက်ရှိနေသောကြောင့် ကိုဗင်ထရီအသင်းပရိသတ်များက ရွန်နီအား ထုတ်ပယ်ခံရတော့မည်ဟု လှောင်ပြောင်ခဲ့ကြသည်။

ပလိုင်းမောက်အသင်းအား ဦးဆောင်ရန် မှန်ကန်သောသူအဖြစ် ဆက်ရှိနေဆဲလားဟု မေးမြန်းမှုအပေါ် ရွန်နီက "ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါတယ်။ ဘောလုံးကစားနည်းက ဘယ်လိုအလုပ်လုပ်လဲဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်က တုံးအသူ မဟုတ်ပါဘူး။ ရလဒ်ကောင်းမွန်ဖို့ လိုအပ်ပါတယ်။ တစ်ရာသီလုံးမှာ ကျွန်တော့်အတွက် အကြီးမားဆုံးစိတ်ပျက်စရာက အိမ်ကွင်းနဲ့ အဝေးကွင်းမှာ မတူညီတဲ့အသင်းနှစ်သင်းလို ဖြစ်နေတာပါပဲ။ အဲဒီတော့ စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနေတာလား။ အဲဒါက ကျွန်တော်တို့ စောင့်ကြည့်နေတဲ့အရာပါ" ဟု ဖြေကြားခဲ့သည်။

ပလိုင်းမောက်အသင်းသည် ယခုရာသီတွင် အဝေးကွင်းနိုင်ပွဲ လုံးဝမရှိသေးဘဲ ပြိုင်ပွဲ စုံ ၁၃ ပွဲကစား၊ နှစ်ပွဲသရေ၊ ၁၁ ပွဲအထိ ရှုံးနိမ့်ထားသည်။ ပလိုင်းမောက်အသင်းသည် ယနေ့ညတွင် အောက်စ်ဖို့ဒ်ယူနိုက်တက်အသင်းနှင့် အဝေးကွင်းပွဲစဉ်ကစားရမည်ဖြစ်သည်။


READ NEXT
Cancel OK