Top News

မိမိကို လျော်ကြေးပေး၍ ခေါ်ယူထားခြင်းဖြစ်သော်လည်း နိုင်ပွဲများ ရယူနိုင်ခြင်းမရှိပါက ရာထူးအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း မန်ယူအသင်းနည်းပြ အာမိုရင်မ် ဝန်ခံ
24htopnews | December 29, 2024 9:12 PM CST

 

မန်ယူအသင်းနည်းပြ အာမိုရင်မ်က မိမိကို လျော်ကြေးပေး၍ ခေါ်ယူထားခြင်းဖြစ်သော်လည်း နိုင်ပွဲများ ရယူနိုင်ခြင်းမရှိပါက ရာထူးအတွက် အန္တရာယ်ရှိလာနိုင်ကြောင်း ဝန်ခံပြောကြားခဲ့သည်။

မန်ယူအသင်းသည် အဲရစ်တန်ဟက်ဂ်ကို ထုတ်ပယ်၍ ပေါ်တူဂီလူငယ်နည်းပြဖြစ်သူ အာမိုရင်မ် (၃၉ နှစ်) ကို ခန့်အပ်ရန်အတွက် စပို့တင်းလစ္စဘွန်းအသင်းအား လျော်ကြေး ပေါင် ၁၀ ဒသမ ၆ သန်း ပေးချေခဲ့ရပြီး ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသည်။ သို့သော် အာမိုရင်မ်လက်ထက် ပြိုင်ပွဲစုံ ၁၀ ပွဲကစားအပြီးတွင် လေးပွဲသာ အနိုင်ရကာ တစ်ပွဲ သရေ၊ ငါးပွဲရှုံးနိမ့်ထားသလို နောက်ဆုံးသုံးပွဲဆက် ရှုံးပွဲကြုံတွေ့ထားသည်။

သို့ဖြစ်ရာ အာမိုရင်မ်က "မန်ချက်စတာယူနိုက်တက်ရဲ့ မန်နေဂျာက ဘယ်လိုပဲဖြစ်ဖြစ် သက်သောင့်သက်သာနေနိုင်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ နိုင်ပွဲတွေမရဘူးဆိုရင် သူတို့က ကျွန်တော့်အတွက် လျော်ကြေးပေးထားရသည်ဖြစ်စေ၊ မပေးရသည်ဖြစ်စေ ဒါက မန်နေဂျာတိုင်းအတွက် အန္တရာယ်ရှိတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါက အလုပ်ဖြစ်တာမို့ ကျွန်တော်သဘောကျပါတယ်။ အဲဒါကြောင့် ဒီမေးခွန်းကိုလည်း နားလည်ပါတယ်။ ကျွန်တော်က ဒီကိုရောက်တာ တစ်လရှိနေပြီ။ လေ့ကျင့်မှုအစီအစဉ် လေးကြိမ်လုပ်ပြီးပြီ။ ဒါပေမဲ့ ကျွန်တော်တို့ အနိုင်မရဘူးဆိုပြီး ငြင်းခုန်လို့ရပါတယ်။ ဒါက အမှန်တရားပါပဲ။ အဲဒီလိုပြောတာနဲ့ပတ်သက်ပြီး ကျွန်တော် အဆင်ပြေပါတယ်" ဟု ပြောကြားခဲ့သည်။

အာမိုရင်မ်သည် ၁၀ ပွဲကိုင်တွယ်ရာတွင် ငါးပွဲရှုံးနိမ့်ထားရာ ၁၉၃၂ ခုနှစ် ဇန်နဝါရီတွင် ၁၀ ပွဲကိုင်တွယ်ပြီးနောက် ခြောက်ပွဲရှုံးနိမ့်ခဲ့သည့် ဝေါ်လ်တာခရစ်မာနောက်ပိုင်း ရလဒ်အဆိုးဆုံး မန်ယူအသင်းနည်းပြသစ်အဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ကြောင်း သိရသည်။ အာမိုရင်မ် စတင်တာဝန်ယူချိန်မှစ၍ ၎င်းတို့ထက် ပြိုင်ပွဲစုံ ရှုံးပွဲပိုများသည့် ပရီးမီးယားလိဂ်အသင်းအဖြစ် ဆောက်သမ်တန်တစ်သင်းတည်းသာရှိတော့ပြီး ခြောက်ပွဲရှုံးနိမ့်ထားခြင်း ဖြစ်သည်။

မန်ယူအသင်းသည် ယနေ့တွင် နယူးကာဆယ်အသင်းနှင့် ပရီးမီးယားလိဂ် အိမ်ကွင်း၊ ဇန်နဝါရီ ၅ ရက်တွင် ဇယားထိပ်ဆုံးမှ လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ် အဝေးကွင်း၊ ဇန်နဝါရီ ၁၂ ရက် တွင် အာဆင်နယ်အသင်းနှင့် FA ဖလား တတိယအဆင့် အဝေးကွင်း စသည့်ပွဲကျပ်သုံးပွဲ ဆက်တိုက်ကစားရဦးမည်ဖြစ်သည်။ ယခုရာသီတွေ့ဆုံမှုအရ လီဗာပူးလ်အသင်းအား အိမ်ကွင်း၌ (၀-၃) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားပြီး အာဆင်နယ်အသင်းကိုလည်း အဝေးကွင်း၌ (၂-၀) ဂိုးဖြင့် ရှုံးနိမ့်ထားရာ အာမိုရင်မ်အတွက် ဖိအားပိုများလာနိုင်သည့်အခြေအနေ ရင်ဆိုင်ရဖွယ်ရှိနေသည်။

ထို့ပြင် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်နှင့် ကွင်းလယ်လူ အူဂါတေမှာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် နယူးကာဆယ်အသင်းနှင့်ပွဲကို လွဲချော်မည်ဖြစ်သည်။


READ NEXT
Cancel OK