
ချန်ပီယံလိဂ်အုပ်စုပွဲစဉ် (၄) ရဲ့ အုပ်စု (H) ပွဲစဉ်တွေမှာတော့ မန်ယူနဲ့ PSG အသင်းတို့ဟာ အိမ်ကွင်းတွေမှာ ပြိုင်ဘက်တွေ ဖြစ်တဲ့ ဘာရှက်ဆီဟီနဲ့ လိုက်ပ်ဇစ်တို့ကို အနိုင်ယူပြီး ပထမအကျော့ရှုံးကြွေးတွေကို ဆပ်ခဲ့ကြပါတယ်။
မန်ယူနဲ့ ဘာရှက်ဆီဟီပွဲမှာ မန်ယူအသင်းက (၄-၁)ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ဖို့ပါ အခြေအနေကောင်းသွားခဲ့ပါတယ်။
မန်ယူရဲ့ပွဲထွက်စာရင်းမှာ ကာဗာနီ၊ ရပ်ရှ်ဖို့ဒ်၊ ဘရူနိုဖာနန်ဒက်စ်၊ မာစီယဲလ်၊ ဖရက်ဒ်၊ ဗန်ဒယ်ဘိခ်တို့ ပါဝင်ခဲ့ပြီး ဘာရှက်ဆီဟီကလည်း အကောင်းဆုံးလူစာရင်းနဲ့ ရင်ဆိုင်ခဲ့တာပါ။ ပထမအကျော့တုန်းက အဝေးကွင်းမှာ (၁-၂)ဂိုးနဲ့ ရှုံးခဲ့တဲ့ မန်ယူဟာ အိမ်ကွင်းမှာ အမှားမခံဘဲ ပွဲစကတည်းက အကောင်းဆုံး ကြိုးစားခဲ့ပြီး ပထမပိုင်းမှာတင် (၃)ဂိုးပြတ်နိုင်ခဲ့ပါတယ်။
မန်ယူအတွက် ဂိုးတွေကို ပွဲချိန် (၇)မိနစ်နဲ့ (၁၉) မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ပွဲချိန် (၃၅)မိနစ်မှာ ရပ်ရှ်ဖို့ဒ်က ပယ်နယ်တီကနေ သွင်းယူခဲ့တာပါ။
ဒုတိယပိုင်းမှာတော့ မန်ယူအသင်းဟာ အဓိက ကစားသမားတွေကို အနားပေးကာ လူငယ်ကစားသမားတွေဖြစ်တဲ့ ဂရင်းဝုဒ်၊ ဒန်နီယဲလ်ဂျိမ်းစ်၊ ဘရန်ဒန်ဝီလျံစ်တို့ကို ထည့်သွင်းကစားခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ဘာရှက်ဆီဟီအသင်းကလည်း အခွင့်အရေးတွေ ရခဲ့ပြီး ပွဲချိန် (၇၅)မိနစ်မှာ တူရှူက ဖရီးကစ်ကို တိုက်ရိုက်ကန်သွင်းပြီး ချေပဂိုး တစ်ဂိုး ရယူခဲ့ပေမဲ့ ပွဲချိန် (၉၀+၂)မိနစ်မှာ ဒန်နီယဲလ်ဂျိမ်းစ်က တစ်ဂိုးထပ်သွင်းခဲ့တာကြောင့် မန်ယူဟာ ပွဲအပြီးမှာ (၄-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
PSG နဲ့ လိုက်ပ်ဇစ်ပွဲကတော့ အကြိတ်အနယ်ဖြစ်ခဲ့ပြီး PSG အသင်းက နေမာရဲ့တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
PSG အသင်းရဲ့ ပွဲထွက်စာရင်းမှာ နေမာ၊ ဘာပေ၊ ဒီမာရီယာတို့နဲ့ လူစုံခဲ့ပြီး လိုက်ပ်ဇစ်အသင်းက အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့ အဓိကကစားသမားအစုံအလင်နဲ့ PSG ကို ရင်ဆိုင်ခဲ့တာပါ။
PSG အသင်းဟာ ပွဲစကတည်းက ဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် (၁၁) မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ ဒီမာရီယာကို လိုက်ပ်ဇစ်ကွင်းလယ်လူ ဆဘစ်ဇာ ပယ်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် PSG တို့ ပယ်နယ်တီ ရခဲ့ပြီး ဒီပယ်နယ်တီကို နေမာက အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာပါ။
ကျန်ပွဲချိန်တွေမှာ လိုက်ပ်ဇစ်အသင်းက ခြေစွမ်းအသာ၊ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားခဲ့ပြီး ချေပဂိုး ရဖို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။
ဒါပေမဲ့ လိုက်ပ်ဇစ်အသင်း တိုက်စစ်ပိုင်းမှာ တိုက်စစ်ကစားသမားတွေ အလုပ်မဖြစ်ခဲ့တာကြောင့် ကြိုးစားမှုတွေ အရာမထင်ခဲ့သလို၊ ဂိုးကန်သွင်းခွင့် (၁၅)ကြိမ်မှာလည်း (၃) ကြိမ်သာ ဂိုးပေါက် တည့်ခဲ့ပါတယ်။
ဒါကြောင့် ပွဲအပြီးမှာ PSG အသင်းက နေမာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရပြီး နောက်တစ်ဆင့်အတွက် လက်ကျန် (၂)ပွဲမှာ နှစ်သင်းစလုံး ရုန်းကန်ရဦးမှာ ဖြစ်ပါတယ်။
ပွဲစဉ် (၄)အပြီး ချန်ပီယံလိဂ်အုပ်စု (H) မှာ ရပ်တည်မှုတွေမှာတော့ မန်ယူအသင်းက (၉)မှတ်၊ PSG နဲ့ လိုက်ပ်ဇစ်အသင်းက (၆)မှတ်စီနဲ့ ဘာရှက်ဆီဟီအသင်းကတော့ (၃)မှတ် ရရှိထားပါတယ်။
ချန်ပီယံလိဂ်အုပ်စု ပွဲစဉ် (၄)အပြီးမှာတော့ အုပ်စု (E) က ချယ်လ်ဆီးနဲ့ ဆီဗီလာ၊ အုပ်စု (G)က ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်အသင်းတွေဟာ ရှုံးထွက် (၁၆)သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ကြပါတယ်။
■ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်-၄ ရလဒ်များ
ခရက်စ်နိုဒါ ၁-၂ ဆီဗီလာ
ရန်းစ် ၁-၂ ချယ်လ်ဆီး
လာဇီယို ၃-၁ ဇင်းနစ်
ဒေါ့မွန် ၃-၀ ကလပ်ဘရုဂေး
ဂျူဗင်တပ်စ် ၂-၁ ဖယ်ရန်ဗာရို့စ်
ဒိုင်နမိုကိဗ် ၀-၄ ဘာစီလိုနာ
PSG ၁-၀ လိုက်ပ်ဇစ်
မန်ယူ ၄-၁ ဘာရှက်ဆီဟီ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်