Top News

ကျန်းမာရေးလမ်းညွှန်မှုများအား လျစ်လျူရှုပြီး ခရီးသွားမှု ဆက်လက်ပြုလုပ်နေပါက ဗိုင်းရပ်စ်ကြောင့် အီရန်တွင် လူသန်းနှင့်ချီ သေဆုံးနိုင်ကြောင်း လေ့လာမှုတစ်ခုက သတိပေး
24htopnews | December 29, 2024 3:12 PM CST

ကျန်းမာရေးလမ်းညွှန်ချက်များအား လျစ်လျူရှုပြီး ခရီးသွားလာမှု ဆက်လက်ပြုလုပ်နေလျှင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံတွင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် လူသန်းနှင့်ချီ သေဆုံးနိုင်ကြောင်း လေ့လာမှု တစ်ခုအား ကိုးကား၍ အစိုးရရုပ်သံ ဂျာနယ်လစ်နှင့် ဆရာဝန်တစ်ဦးလည်းဖြစ်သူက မတ် ၁၇ တွင် သတိပေးခဲ့သည်။ ဗိုင်းရပ်စ်ကြောင့် နောက်ဆုံးတွင် ပိတ်လိုက်ရပြီဖြစ်သော အဓိကဘာသာရေးဆိုင်ရာ နေရာနှစ်ခုသို့ သဘောထားတင်းမာသောရှီအိုက်များက ဝင်ရောက်ရန် မတ် ၁၆ ညတွင် ကြိုးပမ်းခဲ့ပြီးနောက် ထိုဆရာဝန်က ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

တီဟီရန်၏ ဂုဏ်သိက္ခာကြီးမားသော Sharif နည်းပညာတက္ကသိုလ်မှ လေ့လာမှုတစ်ခုအား ကိုးကား၍ ဂျာနယ်လစ်နှင့် ဒေါက်တာ Afruz Eslami က ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။ ထိုလေ့လာမှုတွင် စိတ်မှန်း အနာဂတ်ဖြစ်နိုင်ခြေ သုံးခုကို ဖော်ပြခဲ့ပြီး ပထမအချက်မှာ အီရန်တွင် လူအားလုံးက အပြည့်အဝ ပူးပေါင်းဆောင်ရွက်လျှင် ဗိုင်းရပ်စ်ကူးစက်မှု အဆုံးမသတ်မီ ကူးစက်မှု ၁၂၀၀၀၀ နှင့် သေဆုံးသူ ၁၂၀၀၀ အထိ ရှိမည်ဟု ဆိုသည်။

အလယ်အလတ် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ကူးစက်မှု ၃၀၀၀၀၀ နှင့် သေဆုံးသူ ၁၁၀၀၀၀ ရှိမည်ဟု ခန့်မှန်းထားသည်။ နောက်ဆုံးတစ်ခုမှာ မည်သည့်လမ်းညွှန်ချက်ကိုမဆို လိုက်နာရန် ပျက်ကွက်ခဲ့လျှင် ဖိစီးနေပြီဖြစ်သော အီရန်ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို ပြိုလဲစေနိုင်ကြောင်း၊ ဆေးဘက်အဆောက်အအုံများ လုံလောက်မှု မရှိတော့လျှင် ကူးစက်မှု လေးသန်းနှင့် လူ ၃.၅ သန်း သေဆုံးလိမ့်မည်ဖြစ်ကြောင်း ထိုလေ့လာမှုကို ကိုးကား၍ Eslami က သတိပေးခဲ့ခြင်းဖြစ်သည်။

ထိုလေ့လာမှုသည် မည်သည့်စနစ်များအား အသုံးပြုခဲ့ကြောင်းကို Eslami က အသေးစိတ် မပြောကြားခဲ့သော်လည်း အလွန်အမင်း ထိန်းချုပ်ထားသော အီရန်အစိုးရမီဒီယာတွင် ထိုလေ့လာမှုအား ဖော်ပြခဲ့မှုသည် ယခင်က ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုအန္တရာယ်နှင့် ပတ်သက်၍ တာဝန်ရှိသူများက ငြင်းဆိုခဲ့ကြသောနိုင်ငံတွင် အဓိကအပြောင်းအလဲတစ်ခုအဖြစ် ရှုမြင်ခံရသည်။

ဘာသာရေးခေါင်းဆောင် အယာတို လာအလီခါမေနီကလည်း မလိုအပ်ဘဲ ခရီးသွားလာမှု မပြုလုပ်ကြရန် ဘာသာရေးဆိုင်ရာ စည်းကမ်းတစ်ခု ထုတ်ပြန်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက သတိပေးမှုများနှင့် မေတ္တာရပ်ခံမှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ကြသော်လည်း ပြည်သူများက လျစ်လျူရှုလျက် ခရီးသွားမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ခါမေနီ၏ ရှားရှားပါးပါး ထိုထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အရှေ့အလယ်ပိုင်းတွင် COVID-19 ဖြစ်ပွားကြောင်း အတည်ပြုထားမှု ၁၈၀၀၀ ကျော်တွင် ကူးစက်မှု ၁၀ မှုတွင် အကြမ်းဖျင်းအားဖြင့် ကိုးမှုသည် အီရန်မှ ဖြစ်သည်။ ထို ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု၏ အန္တရာယ်ကို အီရန် အာဏာပိုင်များက ကနဦးတွင် ရက်ပေါင်းများစွာ ငြင်းဆန်ခဲ့ကြသေးသည်။

ယခုအခါ မတ် ၂၀ တွင် ကျရောက်မည့် ပါရှန်နှစ်သစ်ကူးနေ့ဖြစ်သော Nowruz မတိုင်မီ အဓိကမြို့ကြီးများမှ ထွက်ခွာရန်ကြိုးစားသူများအား ကျန်းမာရေးစစ်ဆေးမှုကို တာဝန်ရှိသူများက အကောင်အထည် ဖော်နေကြသော်လည်း ထိုဧရိယာများအား ထိန်းချုပ်ကန့်သတ်ရန် တွန့်ဆုတ်နေကြသည်။

အီရန်တွင် မတ် ၁၈ ၌ COVID-19 ကြောင့် ၁၄၇ ဦး ထပ်မံသေဆုံးခဲ့ပြီး တစ်နေ့တည်း အများဆုံးသေဆုံးမှုဖြစ်ကာ သေဆုံးသူစုစုပေါင်း ၁၁၃၅ ဦး မြင့်တက်ခဲ့သည်။ ကူးစက်မှုသစ် ၁၁၉၂ မှု ဖြစ်ပွားခဲ့ပြီး ကူးစက်မှု စုစုပေါင်း ၁၇၁၆၁ မှုအထိ မြင့်တက်လာခဲ့သည်။

 

ဗိုင်းရပ်စ်နှင့် ဆက်စပ်သတင်းများ

စပိန်

စပိန်တွင် COVID-19 ကူးစက်မှုသည် မတ် ၁၈ ၌ ၁၃၇၁၆ မှုအထိ မြင့်တက်ခဲ့ပြီး သေဆုံးသူ အရေအတွက်သည်လည်း ၅၉၈ ဦးအထိ မြင့်တက်ခဲ့ကြောင်း ကျန်းမာရေး အရေးပေါ်စင်တာခေါင်းဆောင် ဖာနန်ဒိုဆိုင်မွန်က ပြောကြားခဲ့သည်။ ဗိုင်းရပ်စ်ကြောင့် အထိနာခဲ့သော ကုမ္ပဏီများအား ကူညီရန်၊ အလုပ်သမားများနှင့် အခြားခုခံနိုင်စွမ်း အားနည်းသူများအား ထောက်ပံ့ရန် ယူရိုဘီလျံ ၂၀၀ (ဒေါ်လာဘီလျံ ၂၂၀) ရှိ အကူအညီပေးရေးအစီအစဉ်ကို အစိုးရက မတ် ၁၇ တွင် ကြေညာခဲ့သည်။

သြစတြေးလျ

ကူးစက်မှု ၅၀၀ ကျော်နှင့် သေဆုံးသူ ခြောက်ဦးရှိထားသော သြစတြေးလျတွင် ပြည်သူများသည် ပြည်ပသို့ခရီးမသွားကြရန် အစိုးရက မတ် ၁၈ တွင် တိုက်တွန်းခဲ့ပြီး ပြည်ပရောက်နေသည့် နိုင်ငံသားများလည်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဟန့်တားရန်အတွက် နိုင်ငံသို့ အမြန်ပြန်လာရန် ညွှန်ကြားခဲ့သည်။ 

တရုတ်

တရုတ်တွင် မတ် ၁၇ ၌ ဗိုင်းရပ်စ်ကူးစက်မှုသစ် ၁၃ မှုဖြစ်ပွားခဲ့ပြီး ယင်းတို့အနက် ၁၂ မှုသည် ပြည်ပမှ တရုတ်သို့ဝင်လာသူများ ဖြစ်ကြသည်။ အခြားနိုင်ငံများမှ ဝင်လာသူများ၏ ကူးစက်မှုသည် တရုတ်နိုင်ငံတွင်း ကူးစက်မှုနှုန်းထက် ကျော်လွန်မှု ငါးရက်မြောက် ရှိလာခဲ့သည်။ 

ဂျပန်

ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ဆိုးရွားနေသော အီတလီနှင့် စပိန်တို့အပါအဝင် နိုင်ငံအချို့၏ဒေသအချို့မှ ဝင်ရောက်သူများအား ရောဂါခြေချုပ်ဖြင့် ထားခြင်းနှင့် ဝင်ရောက်မှု ပိတ်ပင်ခြင်းတို့အား ဂျပန်က ချဲ့ထွင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မတ် ၁၈ တွင် ပြောကြားခဲ့သည်။ Diamond Princess သင်္ဘောမှ ကူးစက်မှု ၆၉၆ မှုနှင့် သေဆုံးသူ ခုနစ်ဦးအပြင် ဂျပန်တွင် ကူးစက်မှု ၈၇၀ ကျော်နှင့် သေဆုံးသူ ၃၀ နီးပါး ရှိနေသည်။

တောင်ကိုရီးယား

တောင်ကိုရီးယားတွင် မတ် ၁၈ ၌ ကူးစက်မှုသစ် ၉၃ မှု ရှိခဲ့ရာ နေ့စဉ်ကူးစက်မှု ၁၀၀ အောက် ကျဆင်းမှု လေးရက်မြောက် ဖြစ်ခဲ့သည်။ ယင်းအတွက်ကြောင့် ကူးစက်မှု စုစုပေါင်း ၈၄၁၃ မှုနှင့် သေဆုံးသူ ၈၄ ဦးအထိ ရှိလာခဲ့သည်။

ထိုင်ဝမ်

ဗိုင်းရပ်စ်ကူးစက်မှု တိုက်ဖျက်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်က အမြဲတမ်း နေထိုင်ခွင့်ရ နိုင်ငံခြားသားများနှင့် သံတမန်များမှလွဲ၍ နိုင်ငံခြားသားအများစုအား ဝင်ရောက်ခွင့် ပိတ်ပင်သွားမည်ဟု မတ် ၁၈ တွင် ကြေညာခဲ့သည်။

ဗီယက်နမ်

မလေးရှားတွင် ဘာသာရေးအခမ်းအနား တက်ရောက်ခဲ့သူတစ်ဦး ထပ်မံကူးစက်ခံရမှုကြောင့် ဗီယက်နမ်တွင် မတ် ၁၈ ၌ ကူးစက်မှု ၆၇ မှုအထိ မြင့်တက်လာခဲ့သည်။ 

စင်ကာပူ

စင်ကာပူတွင်  မတ် ၁၇ ၌ ကူးစက်မှုသစ် ၂၃ မှုကြောင့် စုစုပေါင်းကူးစက်မှု ၂၆၆ မှုနှင့် ပြန်ကောင်းသူ ၁၁၄ ဦးရှိခဲ့သည်။

 


READ NEXT
Cancel OK