Top News

ဆီးရီးယားသူပုန်အဖွဲ့များက ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် တပ်ပေါင်းစုအဖြစ် ပူးပေါင်းရန် သဘောတူ
24htopnews | December 27, 2024 6:12 PM CST

ဆီရီးယားသူပုန်အဖွဲ့များက ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် တပ်ပေါင်းစုတစ်စုတည်းအဖြစ် ပူးပေါင်းရန်သဘောတူခဲ့ကြောင်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဖော်ပြခဲ့သည်။

ဆီးရီးယားသမ္မတဘာရှာအာဆတ်ကို ဖြုတ်ချခဲ့သည့် HTS  လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် အာမက် အယ်ရှာရားက အခြားလက်နက်ကိုင်အဖွဲ့ခွဲများနှင့်အတူ တစ်ပေါင်းတစ်စည်းတည်းဖွဲ့စည်းရန် သဘောတူခဲ့ခြင်းဖြစ်သည်ဟု ဆီးရီးယားကြားဖြတ်အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

အယ်ရှာရားသည် ဆီးရီးယားနိုင်ငံအတွင်းရှိ အခြားလက်နက်ကိုင်အဖွဲ့များ၏ ခေါင်းဆောင်များနှင့် အစည်းအဝေးပြုလုပ်ခဲ့ကြောင်း၊ ထိုလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များက ၎င်းတို့၏ အဖွဲ့များကို ဖျက်သိမ်းပြီး ကာကွယ်ရေးဝန်ကြီးဌာန၏လက်အောက်သို့ ဝင်ရောက်ရန် သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ကြားဖြတ်အစိုးရအဖွဲ့က ဒီဇင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

မည်သို့ပင်ဆိုစေ ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အမေရိကန်က ကျောထောက်နောက်ခံပေးထားသည့် ကာ့ဒ်ဦးဆောင်သည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(SDF)သည် ထိုသဘောတူညီချက်တွင် ပါဝင်ခြင်း မရှိကြောင်း ကြေညာခဲ့သည်။

ဆီးရီးယားဝန်ကြီးချုပ် မိုဟာမက်အယ်ဘာရှားကမူ ကာကွယ်ရေးဝန်ကြီးဌာနသည် ဘာရှာအာဆက်၏ စစ်တပ်မှအရာရှိများနှင့် လက်နက်ကိုင်သူပုန်ဟောင်းများဖြင့် စစ်တပ်ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်သွားမည်ဟု ပြီးခဲ့သည့်သီတင်းပတ်က ပြောကြားခဲ့သည်။

“အာဆတ်အစိုးရအဖွဲ့ ပြုတ်ကျသွားပြီးကတည်းက လက်နက်ကိုင်အဖွဲ့တွေ ပေါင်းစည်းမှုဟာ အထင်ရှားဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်”ဟု ဒမတ်စကတ်မြို့တော်ရှိ အယ်လ်ဂျာဇီးယား သတင်းထောက် ရီဆူးလ် ဆာဒါးက ပြောကြားခဲ့သည်။

“အဓိကစိုးရိမ်ရမယ့်ကိစ္စကတော့ ၁၃ နှစ်ကြာဖြစ်ပွားခဲ့တဲ့ ဆီးရီးယားပြည်တွင်းစစ်ကာလအတွင်း တစ်ဖွဲ့နဲ့ တစ်ဖွဲ့တိုက်ခိုက်ခဲ့ကြတဲ့ အဲဒီလက်နက်ကိုင်အဖွဲ့တွေဟာ ဘယ်လိုပုံစံမျိုးနဲ့ ပေါင်းစည်းသွားမလဲဆိုတာပါပဲ”  ဟု ဆာဒါးက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲများ၊ အစည်းအဝေးများ ဆက်တိုက်ပြုလုပ်ခဲ့ပြီးနောက် လက်ရှိဆီးရီးယားကို အုပ်ချုပ်နေသည့် HTS အဖွဲ့ခေါင်းဆောင် အယ်ရှာရားက လက်နက်ကိုင်အဖွဲ့များအားလုံး ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်သို့ တညီတညွတ်တည်း ဝင်ရောက်မှုသည် အံ့အားသင့်ဖွယ်ကောင်းသည့် တိုးတက်မှုဖြစ်သည်ဟု ပြောကြားခဲ့သည်။

အယ်ရှာရားသည် ဆီးရီးယားနိုင်ငံတွင် စစ်ရေးနှင့်နိုင်ငံရေးသြဇာလွှမ်းမိုးမှုအရှိဆုံး  ခေါင်းဆောင်ဖြစ်လာခဲ့ပြီး သူသည် ဆီရီးယားတွင် တရားဝင်ခေါင်းဆောင်မဟုတ်သော်လည်း လက်တွေ့အုပ်ချုပ်နေသည့် ခေါင်း ဆောင်ဖြစ်သည်။

အယ်ရှာရားသည် ကာ့ဒ်ဦးဆောင်သည့်တပ်ဖွဲ့များကိုင်ဆောင်သည့် လက်နက်များအပါအဝင် နိုင်ငံအတွင်းရှိ လက်နက်များအားလုံးကို အစိုးရ၏ထိန်းချုပ်မှုအောက်တွင်ထားရှိမည်ဟု ယခင်ကလည်း ကတိပြုခဲ့သည်။

ပြီးခဲ့သည့်လကုန်ပိုင်းက အယ်ရှာရှားဦးဆောင်သည့် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒီဇင်ဘာ ၈ ရက်တွင် သမ္မတဘာရှာ အာဆတ်သည် နိုင်ငံအတွင်းမှထွက်ပြေးခဲ့ရသည်။                                      

Ref: AFP


READ NEXT
Cancel OK