
ဂါဇာကမ်းမြောင်ဒေသတွင် နိုဝင်ဘာ ၁၂ ရက်အစောပိုင်းက လုပ်ဆောင်သော အစ္စရေးစစ်တပ်၏ စီးနင်းတိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းအစ္စလာမ္မစ် ဂျီဟတ်စစ်သွေးကြွအဖွဲ့၏ တပ်မှူးတစ်ဦး သေဆုံးသွားခဲ့ပြီးနောက် ယင်းကို လက်တု့ံပြန်သည့်အနေဖြင့် ဂျီဟတ်စစ်သွေးကြွအဖွဲ့က အစ္စရေးဘက်သို့ ရော့ကတ် ပစ်လွှတ်ခဲ့ရာ နှစ်ဖက်အကြား အကြမ်းဖက်တိုက်ခိုက်မှု အရှိန်မြင့်တက်လာမည့်အရေးကို စိုးရိမ်နေရသည်။
သီးခြားဖြစ်ရပ်အနေဖြင့် ဒမတ်စကက်မြို့တွင် အစ္စရေးတပ်ဖွဲ့က နောက်ထပ် အစ္စလာမ္မစ် ဂျီဟတ်စစ်သွေးကြွတစ်ဦး၏ နေအိမ်ကို စီးနင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ထိုစစ်သွေးကြွ၏ သားဖြစ်သူနှင့် လူတစ်ဦး သေဆုံးသွားခဲ့ကြောင်း ဆီးရီးယားသတင်းမီဒီယာက ထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့မှုနှင့် စပ်လျဉ်း၍ အစ္စရေးဘက်မှ တစ်စုံတစ်ရာထုတ်ပြန်ခြင်း မရှိသေးပေ။
စီးနင်းတိုက်ခိုက်မှုအတွင်း ဂျီဟတ်အဖွဲ့၏တပ်မှူးတစ်ဦးဖြစ်သူ အသက် ၄၂ နှစ်အရွယ် ဘာဟူအဘူအယ်အတာကို ပစ်မှတ်ထားခဲ့သည်ဟု အစ္စရေးက အတည်ပြုခဲ့ပြီးနောက် ဂျီဟတ်အဖွဲ့၏ လက်နက်ကိုင်တပ်ခွဲက တိုက်ခိုက်မှုအတွင်း ဂါဇာစီးတီးတပ်မှူးနှင့် ၎င်းင်း၏ဇနီးဖြစ်သူတို့ သေဆုံးသွားကြောင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အစ္စရေးစစ်တပ်နှင့် အစ္စရေး Shin Bet ပြည်တွင်းလုံခြုံရေးတပ်ဖွဲ့၏ ပူးတွဲစစ်ဆင်ရေးအတွင်း ပါလက်စတိုင်းအစ္စလာမ္မစ် ဂျီဟတ်အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် ဘာဟူ နေထိုင်ရာ ဂါဇာကမ်းမြောင်ဒေသရှိ အဆောက်အအုံတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့်သြဂုတ်လက အစ္စရေးရှိ Sderot မြို့တွင်းသို့ ရော့ကက် ကျရောက်ခဲ့မှုတွင် တပ်မှူးဘာဟူ နောက်ကွယ်မှ ပါဝင်နေပြီး ၎င်းင်းသည် တိုက်ခိုက်မှုများ ထပ်မံလုပ်ဆောင်ရန် ပြင်ဆင်နေကြာင်း အစ္စရေးက စွပ်စွဲခဲ့သည်။ ဒမတ်စကတ်တွင် ဖြစ်ပွားသော သီးခြားတိုက်ခိုက်မှုအတွင်း ဂျီဟတ်အဖွဲ့၏ တာဝန်ရှိသူများထဲမှ တစ်ဦးဖြစ်သူ Akram Ajouri ပစ်မှတ်ထားခံခဲ့ရသည်ဟု အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့က အတည်ပြုခဲ့သည်။
ထိုတိုက်ခိုက်မှုများသည် အစ္စရေးနှင့် ပါလက်စတိုင်းစစ်သွေးကြွများအကြား တင်းမာမှုကို မြင့်တက်လာစေမည့်အသွင် ရှိနေပြီး ခန့်မှန်းထားသည့်အတိုင်းပင် ဂျီဟတ်အဖွဲ့က ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးဘက်သို့ ရော့ကတ် ပစ်လွှတ်ခဲ့ခြင်းကြောင့် အစ္စရေးနိုင်ငံ၏ နယ်မြေတစ်စိတ်တစ်ဒေသတွင် လေကြောင်းစီးနင်းတိုက်ခိုက်ခံရမှု အချက်ပေး ဥသြသံများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။
ဂျေရုစလင်၊ တဲလ်အဗစ်နှင့် အခြားမြို့များကို ပစ်မှတ်ထား၍ ရော့ကက် ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်း အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့က ထုတ်ပြန်ထားသည်။ မြို့တော်တဲလ်အဗစ် အပါအဝင် အစ္စရေးဒေသအများအပြားရှိ စာသင်ကျောင်းများ၊ ဂါဇာကမ်းမြောင်ဒေသရှိ စာသင်ကျောင်းများကို ပိတ်ထားရသည်။
တဲလ်အဗစ်နှင့် အစ္စရေးအလယ်ပိုင်းတွင် နေထိုင်သူများအနေဖြင့် ဂါဇာနယ်စပ်ဒေသတွင် နေထိုင်ကြသူများကဲ့သို့ နေအိမ် တွင်း၌သာ နေကြရန်နှင့် လူစုလူဝေးပြုလုပ်ခြင်းကို ပိတ်ပင်ထားမြစ်ထားကြောင်း အစ္စရေးစစ်တပ်က အမိန့်ထုတ်ထားသည်။
လုံခြုံရေးကို အမြင့်ဆုံးအဆင့် တပ်လှန့်ထားသည်ဟု အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့က ပြောကြားထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်