Top News

ဟောင်ကောင်၌ ဖြစ်ပွားသော ဆန္ဒပြမှုများအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွား
24htopnews | December 23, 2024 6:12 AM CST

ဟောင်ကောင်တွင် ဖြစ်ပွားနေသော ဆန္ဒပြလှုပ်ရှားမှုများအတွင်း အမျိုးသားတစ်ဦး မီးရှို့ခံရမှုနှင့် ရဲတပ်ဖွဲ့က ဆန္ဒပြလူငယ်တစ်ဦးအား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုတို့ ထွက်ပေါ်လာခဲ့ပြီးနောက် ဟောင်ကောင်၌ အကြမ်းဖက်ဆန်သော ဆန္ဒပြပဋိပက္ခများ မြင့်တက်လာနေခြင်းကို စိုးရိမ်ကြောင်း အနောက်အင်အားကြီးနိုင်ငံများက ပြောကြားနေကြစဉ် နိုဝင်ဘာ ၁၂ ရက်တွင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများသည် ဟောင်ကောင်ရှိ အများပြည်သူ သယ်ယူပို့ဆောင်ရေးနေရာတွင် ဆန္ဒပြမှု လုပ်ဆောင်ခဲ့ကြသည်။ ဒီမိုကရေစီ လွတ်လပ်ခွင့်များကို တောင်းဆိုသော ဆန္ဒပြမှုများ ဟောင်ကောင်တွင် ဖြစ်ပွားနေသည်မှာ သီတင်းပတ် ၂၄ ပတ်အတွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

နိုဝင်ဘာ ၁၂ ရက်တွင် မျက်နှာဖုံးစွပ်ထားသော ဆန္ဒပြသူများသည် လမ်းများကို ပိတ်ဆို့ခြင်း၊ မီးရထားသံလမ်းများပေါ်သို့ ပစ္စည်းများ ပစ်ချခြင်း၊ မြေအောက်ရထားပြေးဆွဲမှုများ နှောင့်နှေးကြန့်ကြာစေအောင် ပြုလုပ်ခြင်းတို့ လုပ်ဆောင်ခဲ့ရာမှ အဓိကရုဏ်းထိန်း ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။

City University of Hong Kong တက္ကသိုလ်သို့ သွားရာလမ်းမများတွင် တားဆီးပိတ်ဆို့ခဲ့ကြသော ဆန္ဒပြသူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်ခဲ့သည်။ ဟောင်ကောင်တက္ကသိုလ်၊ Chinese University of Hong Kong တက္ကသိုလ်ရှိ လမ်းများပေါ်တွင်လည်း မျက်နှာဖုံးစွပ်ထားသော တက်ကြွလှုပ်ရှားသူများက အတားအဆီးများချခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် Polytechnic တက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ် ကျောင်းသူတစ်ဦးအား ဖမ်းဆီးရန် ရဲတပ်ဖွဲ့က ကြိုးပမ်းနေစဉ် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့သည်။ တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့မှ ကျောင်းသားကိုယ်စားလှယ် အွမ်လီက ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ပြေလည်မှုရစေရန် ကြိုးပမ်းပေးနေစဉ် ၎င်းင်းအား ရဲများက ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

“ ရဲအရာရှိတွေက ပိုပြီးတော့တောင် မောက်မာကြတယ်။ ကြမ်းတမ်းကြပါတယ်။ သူတို့ရဲ့အလုပ်ကို ကျွန်တော်က ဝင်စွက်ဖက်တယ်လို့ ပြောပြီးတော့ ရဲခြောက်ယောက်၊ ခုနစ်ယောက်လောက်က ကျွန်တော့်ကို တရွတ်တိုက်ဆွဲသွားပြီးတော့ ရိုက်ပုတ်၊ ကန်ကျောက်ကြပါတယ်” ဟု လီက ၎င်းင်း၏လက်နှင့် ခြေထောက်များရှိ ပွန်းပဲ့ဒဏ်ရာများကို ပြသလျက် ပြောကြားခဲ့သည်။

ဟောင်ကောင်ရဲတပ်ဖွဲ့၏ ထိန်းချုပ်နိုင်မှုကို တရုတ်နိုင်ငံပိုင်သတင်းမီဒီယာက နိုဝင်ဘာ ၁၂ ရက်တွင် ချီးကျူးခဲ့ပြီး ဟောင်ကောင် ဆန္ဒပြမှုများကို ကိုင်တွယ်ရန်အတွက် တပ်ဖွဲ့ဝင် အင်အားလိုအပ်ပါက တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်က ကူညီရန် အသင့်ရှိနေသည်ဟု ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၁၁ ရက်က ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုအတွင်း ပစ်ခတ်မှုဖြစ်ပွားနေသည့် ဗီဒီယိုကို လူတစ်ဦးက Facebook ပေါ်သို့ တိုက်ရိုက်လွှင့်တင်ခဲ့ရာ ယင်းဗီဒီယို၌ ပစ္စတိုသေနတ်ကို ကိုင်ဆောင်ထားသော ရဲတစ်ဦးက ၎င်းင်းအနီးသို့ ချဉ်းကပ်လာသည့် မျက်နှာဖုံးဝတ် လက်နက်မဲ့ ဆန္ဒပြသူတစ်ဦးကို ပစ်ခတ်ခဲ့သည်ကို တွေ့မြင်ရသည်။ နောက်ထပ်ဗီဒီယိုတစ်ခုတွင်မူ ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများနှင့် အငြင်းပွားမှုဖြစ်ခဲ့ပြီးနောက် မျက်နှာဖုံးစွပ်ထားသော ရန်လိုသူများက အမျိုးသားတစ်ဦးအား မီးလောင်လွယ်သော အရည်ဖြင့်လောင်းခဲ့ပြီး မီးရှို့ခဲ့သည်ကို တွေ့ မြင်ရသည်။ မီးရှို့ခံရသော အမျိုးသားနှင့် သေနတ်ဖြင့် ပစ်ခံရသော ဆန္ဒပြသူတို့မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေဆဲဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူများက နိုဝင်ဘာ ၁၂ ရက်တွင် ပြောကြားခဲ့သည်။


READ NEXT
Cancel OK