Top News

ဟောင်ကောင်တွင် ဆန္ဒပြမှုများ ပြင်းထန်နေစဉ် ကျောင်းများအား ပိတ်ထားခဲ့ရ
24htopnews | December 23, 2024 6:12 AM CST

တရုတ်၏ အုပ်ချုပ်မှုအား စိန်ခေါ်သော ဟောင်ကောင် ဒီမိုကရေစီလိုလားသော ဆန္ဒပြသူများသည် နိုဝင်ဘာ ၁၄ တွင် လေးရက်ဆက်တိုက် စုဝေးဆန္ဒပြခဲ့ကြပြီး အတားအဆီးများအား ချထားခဲ့ချိန်တွင် ရဲတပ်ဖွဲ့က အင်အားဖြည့်တင်းရန် စီစဉ်ခဲ့သည်။တရုတ်အစိုးရ မီဒီယာကြောင့်လည်း ဟောင်ကောင်တွင် ကာဖျူးထုတ်ပြန်နိုင်မှုနှင့် ပတ်သက်၍ မှန်းဆချက်များကို အားကောင်းစေခဲ့သည်။

သဘောထား အစွန်းရောက်သော ဆန္ဒပြသူများက အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေးဗဟိုချက်တစ်ဝန်းတွင် နေရာတိုင်း၌ ဆန္ဒပြမှုဖြစ်ပေါ်စေရေးအတွက် လှုပ်ရှားမှုအား နိုဝင်ဘာ ၁၁ တွင် စတင်ခဲ့ခြင်းဖြင့် ဆန္ဒပြလှုပ်ရှားမှုသည် အဆင့်သစ်တစ်ခု ရောက်ရှိခဲ့သည်။ သင်္ကေတ အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာဖုံးစွပ်ထားသည့် ဆန္ဒပြသူများက လမ်းများတွင် အတားအဆီးများ ချထားခြင်း၊  ဘူတာရုံများအား ဖျက်ဆီးခြင်း၊ စျေးဝယ်ကုန်တိုက်များထဲ ဝင်ရောက် သောင်းကျန်းခြင်းနှင့် နေရာအများအပြားတွင် အဓိကရုဏ်း နှိမ်နင်းရေးရဲများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်း တို့ကို စည်းဝါးရိုက် လုပ်ဆောင်ခဲ့ကြသည်။

ဆန္ဒပြသူများ၏ နောက်ထပ် နည်းဗျူဟာ အပြောင်းအလဲတစ်ခုမှာ ယခင်က သီတင်းပတ်ကုန် သို့မဟုတ် ညနေခင်းများတွင် ဆန္ဒပြမှုများ ပုံမှန်ပြုလုပ်နေရာမှ ရုံးဖွင့်ရက်များတွင် နေ့စဉ်ရက်ဆက် ဆန္ဒပြ၍ အနှောင့်အယှက်ဖြစ်စေရန် ပြောင်းလဲခဲ့သည်။

နိုဝင်ဘာ ၁၄ တွင် အဓိက ခုံးကျော်လမ်းများ ထပ်မံ ပိတ်ဆို့ခံခဲ့ရပြီး ရထားဝန်ဆောင်မှု အများအပြား ဆိုင်းငံ့ခဲ့ရကာ စာသင်ကျောင်းများကို ပိတ်ထားခဲ့ရသည်။ နေ့လယ်စာ စားချိန် စုဝေးဆန္ဒပြမှုများကို စီးပွားရေးခရိုင်တွင် ပြုလုပ်ခဲ့ကြပြီး ဆန္ဒပြသူများက တက္ကသိုလ်ဝင်းများကိုလည်း နေရာဝင်ယူခဲ့ကြသည်။

ဆန္ဒပြသူများက အလျှော့ပေးမည့် အရိပ်အယောင် မပြသေးချိန်တွင် အင်အား ၃၀၀၀၀ နီးပါးရှိသော ဟောင်ကောင်ရဲတပ်ဖွဲ့က အကျဉ်းထောင် လုံခြုံရေးဝန်ထမ်း ၁၀၀ ကို ရွေးချယ်စေလွှတ်ရန် စဉ်းစားနေပြီး အခြား အင်အားဖြည့်တင်းမှုများကိုလည်း ရှာဖွေနေသည်။ လတ်တလောတွင် ဆန္ဒပြမှုများ၏ ကျယ်ပြန့်သော ပမာဏ၊ ခရိုင်မျိုးစုံတွင် တစ်ပြိုင်တည်းဖြစ်ပွားနေမှု၊ ပြင်းထန်သော အကြမ်းဖက်မှုများကြောင့် ရဲတပ်ဖွဲ့၏ ရှေ့တန်းမှ တာဝန်ထမ်းဆောင်နေရသူများအား အားဖြည့်ပေးရန် လိုအပ်လာကြောင်း ရဲတပ်ဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ကြေညာချက်တွင် ပြောကြားခဲ့သည်။

ဟောင်ကောင်ရဲတပ်ဖွဲ့အနေဖြင့် အရန်ရဲများအား တပ်ဖြန့်ထားသင့်ကြောင်း ဟောင်ကောင်တွင် ပေကျင်း ထောက်ခံသည့် အင်အားကြီးပါတီမှ ဥပဒေပြုအမတ် စတယ်ရီလီ က တိုက်တွန်းခဲ့သည်။

တရုတ်က ၎င်း၏တပ်ဖွဲ့များအား လာရောက်တပ်စွဲမည်ကို ဟောင်ကောင်တွင် အလွန်အမင်း စိုးရိမ်နေသည်။ လတ်တလောတွင် ယင်းအစီအစဉ်အတွက် အကြံပြုချက် မရှိသေးသော်လည်း ထင်ရှားသော တရုတ် အစိုးရမီဒီယာများအနက် တစ်ခုဖြစ်သော အမျိုးသားရေးဝါဒီ Global Times သတင်းစာက ဟောင်ကောင်အစိုးရသည် သီတင်းပတ်ကုန်တွင် ကာဖျူးထုတ်ပြန်ရန် စဉ်းစားနေကြောင်း Twitter ၌ အင်္ဂလိပ်ဘာသာဖြင့် ဖော်ပြခဲ့သည်။

သို့သော် ထိုသတင်းအချက်အလက် မည်သို့ရရှိခဲ့ကြောင်းကို စစ်ဆေးခဲ့ပြီးနောက် ယင်းကို အထူးသတင်းအဖြစ် ဖော်ပြရန်အတွက် လုံလောက်မှုမရှိကြောင်း ကောက်ချက်ချခဲ့သည်ဟု Global Times အယ်ဒီတာ Hu Xijin က ထို tweet အား အလျင်အမြန် ပြန်လည်ဖယ်ရှားမှုနှင့် ပတ်သက်၍ ရှင်းလင်းခဲ့သည်။ 


READ NEXT
Cancel OK