Top News

ကချင်ပြည်နယ် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် UNDP ပါတီဒုဥက္ကဋ္ဌ စာရေးဆရာသန်းဝင်းလှိုင် ပြည်တွင်း၌ ၁၀ နှစ်ဆက်တိုက် နေထိုင်ထားခြင်းမရှိ၍ ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံရ
24htopnews | December 23, 2024 6:12 AM CST

ကချင်ပြည်နယ်တွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးနေရာ ဝင်ရောက်ယှဉ်ပြိုင်မည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဒုတိယဥက္ကဋ္ဌ ဦးသန်းဝင်း(ခ) စာရေးဆရာ သန်းဝင်းလှိုင်သည် ပြည်တွင်း၌ ၁၀ နှစ်ဆက်တိုက် နေထိုင်ထားခြင်းမရှိ၍ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်မှ ပယ်ချခံရကြောင်း သတင်းရရှိသည်။

စာရေးဆရာ သန်းဝင်းလှိုင်အား ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈ က (က) ၂ ဖြင့် ကိုယ်စားလှယ်လောင်း စာရင်းမှ ပယ်ဖျက်ခဲ့ခြင်းကြောင်း ပြည်နယ်ရွေးကောက်ပွဲ အရာရှိက ပြောကြားသည်။

ပြည်နယ်ရွေးကောက်ပွဲအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းအောင်ခိုင်က “ ကိုယ်စားလှယ်လောင်း စိစစ်တဲ့အခါ ပြည်ထဲရေးကို ပို့တယ်။ လူစွမ်းအားအရင်းအမြစ်နှင့် ပြည်သူ့အင်အား ဦးစီးဌာနကို ပို့ရတယ်။ အဲဒီကရရှိတဲ့ သတင်းတွေအရ စိစစ်တဲ့အခါ ဆယ်နှစ်ဆက်တိုက် တစ်ဆက်တည်း ပြည်တွင်းမှာမရှိပဲ ပြည်ပမှာနေထိုင်ခဲ့တဲ့ အထောက်အထားလည်း ရှိတာပေါ့။ ကာယကံရှင်ကလည်း ဒီကိစ္စတစ်စုံတစ်ခု ချေပတာမရှိတော့ သူကိုတော့ ပယ်ချလိုက်တယ်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကိုတော့ အယူခံခွင့်ရှိပါတယ်” ဟု ပြောကြားသည်။

ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ချခံရမှုအပေါ် အယူခံဆက်တက်မည်မဟုတ်ဘဲ ယခုကဲ့သို့ ဥပဒေရှိနေခြင်းမှာ ဒီမိုကရေစီနိုင်ငံများ၏ စံများနှင့်ကိုက်ညီခြင်း မရှိကြောင်း ပြောကြားသည်။

စာရေးဆရာ ဦးသန်းဝင်းလှိုင်က “ ကျွန်တော် ၂၀၀၀ ခုနှစ်က ရုပ်တုမှပြောသော မြန်မာသမိုင်းနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်ရေးလို့ ထောင် ခုနှစ်နှစ်ကျတယ်။၂၀၁၁ ဇန်နဝါရီ ၃ ရက်မှာ ပြန်လွှတ်တယ်။ စာပေစီစစ်ရေးကိစ္စကို DVB၊ RFA၊ BBC နှင့်ဆက်သွယ်တယ်ဆိုပြီး ကျွန်တော်စာမူတွေ ပိတ်တယ်။ ကလောင် အပိတ်ခံရတယ်။ အသက်မွေးဝမ်းကြောင်းက စာရေးတာဖြစ်တော့ ရပ်တည်လို့မရတော့ ထိုင်းကို တိမ်းရှောင်သွားတယ်။ ထိုင်းမှာ လေးနှစ်လောက်နေပြီး ၂၀၁၅ မှာ ပြန်လာတယ်။

ရွေးကောက်ပွဲဝင်တဲ့သူက မြန်မာပြည်မှာ တစ်ဆက်တည်း ၁၀ နှစ်ရှိရမှာပေါ့။ အခုက ခြောက်နှစ်ပဲ ရှိတဲ့အတွက် ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးဆိုပြီး ရွေးကောက်ပွဲကော်မရှင် ဥက္ကဌက ကျနော်ကို ပြောလိုက်တယ်။ အယူခံဝင်ဖို့မရှိဘူး” ဟု ပြောကြားသည်။

ထို့အတူ  ကချင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၉) တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လော်ဝေါ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ ကိုယ်စားလှယ်လောင်း ဦးဂျုံးဇယ်မှာ ခရိုင်ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင် စိစစ်ချိန်တွင် အချိန်မီ ရောက်လာခြင်းမရှိသဖြင့် ပယ်ချခံထားရပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်ထံ အယူခံဝင်ထားကြောင်း သိရသည်။

ကိုယ်စားလှယ်လောင်းများ အမည်စာရင်းထုတ်ပြန်ရာတွင် စိစစ်မည့်နေရက်နှင့် အချိန်ကိုပါ တစ်ပါတည်း ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ စိစစ်ချိန်လွန်ခဲ့ခြင်းကြောင့် ခရိုင်ကော်မရှင်ရုံးက စိစစ်ရန် ပယ်ချခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ကောက်မရှင်ရုံးသို့ အယူခံဝင်ထားသဖြင့် ပြန်လည်စိစစ်ပေးသွားမည် ဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းချက်များနှင့်ညီညွတ်ပါက ပြန်လည်လက်ခံသွားမည်ဖြစ်ကြောင်း ပြည်နယ်ရွေးကောက်ပွဲ အရာရှိက ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ် လျှောက်ထားသူ ဦးဂျုံးဇယ်က “ ကျွန်တော်က ချီဖွေဘက်မှာနေလိုက် မြစ်ကြီးနားနေလိုက်ဆိုတော့ ဝင်ပြိုင်မယ်ဆိုတော့ ပါတီတွင်း အစည်းအဝေးတွေ လုပ်ရတယ်။ ကော်မရှင်ကိုလည်း ကျွန်တော့်ကို ဖုန်းဆက်ပေးဖို့ ဖုန်းနံပါတ်တွေ သေချာပေးထားတယ်။ ဟိုမှာ လိုင်းမကောင်းဘူး။ ပါတီဗဟိုကလည်း စိစစ်မယ့်အချိန်ကို ကျွန်တော်ကိုမပြောဘူး။ ကျွန်တော်ကလည်း ခုမှပြိုင်မှာဆိုတော့ ဒီအကြောင်းမသိဘူးလေ။

အခုဆင်းလာတော့ ကျွန်တော်ကို စစ်ရမှာက မနေ့ကစစ်ရမှာ။ သူတို့မှာလည်း စစ်စရာတွေက ပြည့်နေတာ။ အဲဒါကြောင့် စည်းကမ်းအရ ပယ်ချပြီး ပြည်နယ်ကော်မရှင်ကို အယူခံဝင်ရတာပါ။ တစ်ခြားဥပဒေနဲ့ မညီတာ မရှိပါဘူး” ဟု ပြောကြားသည်။

ကချင်ပြည်နယ် တစ်ခုလုံးတွင် ရွေးကောက်ပွဲဝင်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းဦးရေ ၄၈၂ ဦးကို စိစစ်မှုများ လုပ်ဆောင်နေကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။

ကချင်ပြည်တွင်တွင် တိုင်းရင်းသားလူမျိုးစုလွှတ်တော်အတွက် ဗမာ၊ ရှမ်း၊ လီဆူ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာတွက် ရှစ်ဦးစီနှင့် ရဝမ်တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ခြောက်ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ် ၃၆ နေရာအတွက်၂၄၆ ဦး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၁၈ နေရာအတွက် ၁၁၉ ဦး၊ အမျိုးသားလွှတ်တော် ၁၂ နေရာအတွက် ၈၇ ဦး စုစုပေါင်း ၄၈၂ ဦး ဖြစ်သည်။

အဆိုပါ ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သွင်းထားသူများကို သြဂုတ်လ ၁၁ ရက်မှ ၁၇ ရက်အထိ ခရိုင်၊ ပြည်နယ် ရွေးကောက်ပွဲကောမရှင်ရုံးများတွင် စိစစ်နေပြီး ပူတာအိုတွင် သုံးဦး၊ မြစ်ကြီးနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို စိစစ်ရန်သာ ကျန်ရှိတော့ကြောင်း သိရသည်။


READ NEXT
Cancel OK