Top News

ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကားရေးဦးတည်သည့် တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အပါအဝင် ပါတီမူဝါဒများကို ပြည်သူ့ရှေ့ဆောင်ပါတီ ရှင်းလင်း
24htopnews | December 23, 2024 6:12 AM CST

ဖက်ဒရယ် ဒီမိုကရေစီစနစ်ထွန်းကားရေး ဦးတည်သည့် တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးအပါအဝင် အခြားသောပါတီမူဝါဒများကို ပြည်သူ့ရှေ့ဆောင်ပါတီ (PPP) က သြဂုတ် ၁၅ ရက်တွင် ရန်ကုန်မြို့ရှိ ဆီဒိုနားဟိုတယ်တွင် ရှင်းလင်းပွဲပြုလုပ်ခဲ့သည်။

ဖက်ဒရယ်မူအား အခြေခံဥပဒေအရ ချဉ်းကပ်မှုအပြင် ပိုမိုလက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်မည့် စီးပွားရေးမူဝါဒရေးရာဖြင့် ချဉ်းကပ်ဆောင်ရွက်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ စီးပွားရေး ကဏ္ဍကြီးများ ဖွံ့ဖြိုးတိုးတက်စေမည့် ဘုံလုပ်ငန်းစဉ်များ ဖော်ထုတ်သတ်မှတ်ခြင်းအပါအဝင် တိုင်းရင်းသားပါတီများနှင့် ပူးပေါင်းဆောင်ရွက်မည့် အချက်ခုနစ်ချက်ပါ ပါတီမူဝါဒများအား ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ရှင်းလင်းပြောကြားသည်။

“ တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေနဲ့ ဒေသအအလိုက် အားသာချက်တွေအပေါ် မူတည်ပြီးမှ ဒေသဖွံ့ဖြိုးရေးစီမံကိန်းတွေ မူဝါဒတွေ မဟာဗျူဟာတွေလုပ်ပြီးတော့မှ ပြည်ထောင်စုဖွံ့ဖြိုးမှု စီမံကိန်းတွေ မူဝါဒတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မယ်ဆိုတဲ့ဟာပေါ့နော်” ဟု ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ထို့ပြင် တိုင်းရင်းသားလူမျိုးများ၏  ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တန်းတူညီမျှမှုရှိရေး၊ စာပေနှင့် ယဉ်ကျေးမှု ရှင်သန်ထွန်းကားရေးအတွက် မိခင်ဘာသာစကားသင်ကြားပိုင်ခွင့်များ၊ တိုင်းရင်းသားဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်ပိုင်ရပ်တည်မှုကို အထောက်အကူပြုမည့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုများကို ဆောင်ရွက်သွားမည်ဟု ပါတီမူဝါဒတွင် ဖော်ပြထားသည်။

ဒီမိုကရေစီစနစ် ပြည့်ဝခိုင်မာစွာ ကျင့်သုံးနိုင်ရန်နှင့် ပြောင်းလဲလာသောခေတ်စနစ် လိုအပ်ချက်များအရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဆင့်ဆင့်ပြင်ဆင်သင့်သည်ဆိုသည့် ပါတီ၏အခြေခံဥပဒေနှင့်ပတ်သက်သည့် သဘောထားကြေညာချက်ကို ပါတီဒုတိယဥက္ကဌ (၁) ဦးမြင့်မောင်ထွန်းက ရှင်းလင်းပြောကြားသည်။

ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် အခြေခံဥပဒေပြင်ဆင်ရာတွင် ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ အဖွဲ့အစည်းတစ်စု၏ အကျိုးစီးပွားကို ပံ့ပိုးကာကွယ်ရန်အတွက်မဟုတ်ဘဲ နိုင်ငံသားတိုင်း၏ အနာဂတ်လှပပြီး ထိုက်တန်သော ပြည်သူ့ဘဝကို အာမခံပေးမည့် အခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေးဆောင်ရွက်မည်ဟု ၎င်းက ပြောကြားသည်။

ပါတီ၏ အခြေခံဥပဒေပြင်ဆင်ရေး ရည်ရွယ်ချက်နှင့် မူဝါဒများအဖြစ် အချက် ငါးချက်ကို ထည့်သွင်းဖော်ပြထားပြီး ယင်းအချက်များနှင့်စပ်လျဉ်းသည့် အသေးစိတ်မူဝါဒများကိုလည်း ထုတ်ပြန်ချက်တွင် ထပ်မံဖြည့်စွက်ထားသည်။

အဆိုပါအချက်ငါးချက်မှာ ဒီမိုကရေစီ အခြေခံအဆောက်အဦများ ကောင်းမွန်စွာ ထူထောင်နိုင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များကို တိကျခိုင်မာစွာ ပြဋ္ဌာန်းအတည်ပြုနိုင်ရေး၊ စျေးကွက်စီးပွားရေးစနစ် အောင်မြင်စွာထွန်းကားလျက် နိုင်ငံသားတိုင်း၏ ဝင်ငွေတိုးတက်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တူညီသောအခွင့်အလမ်းများကို နိုင်ငံသားတိုင်း လက်လှမ်းမှီစေရေးတို့ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုပြုလုပ်သည့် ပြည်သူ့ရှေ့ဆောင်ပါတီ၏ သတင်းစာရှင်းလင်းပွဲသည် ပါတီတည်ထောင်ပြီးနောက် တတိယအကြိမ်မြောက် ပြုလုပ်သည့်ပွဲအခမ်းအနားဖြစ်ပြီး အဆိုပါအခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်က ရွေးကောက်ပွဲဆောင်ပုဒ်ဖြစ်သည့် ‘တစ်သင်းလုံးကန်မည် PPP’ စကားရပ်နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်းခဲ့သည်။

ယင်းစကားရပ်သည် နိုင်ငံတော် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ အစိုးရမဟုတ်သည့် လူမှုရေးအဖွဲ့အစည်းများ စသည်ဖြင့် အားလုံးပါဝင်ကြောင်း ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။ 

“ ဒီစကားရဲ့ ရည်ရွယ်ချက်ကအတွေးအခေါ် အယူအဆ၊ အသွင်သဏ္ဌာန် မတူကွဲပြား မတူစေကာမူ မတူတဲ့အချက်များကို ဘေးဖယ်ပြီး တူတဲ့အချက်များကို စုစည်းကာ အားလုံးပါဝင်စေလိုတဲ့ ရည်ရွယ်ချက်လည်း ဖြစ်ပါတယ်” ဟု PPP ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်က ပြောကြားသည်။

ထို့နောက် ပြည်သူ့ရှေ့ဆောင်ပါတီကိုယ်စားပြု ကရင်ပြည်နယ် အမျိုးသားလွှတ်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နော်လားရှီးက တိုင်းရင်းသားရေးရာမူဝါဒ၊ ပါတီလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်ငုဝါဝင်းက လူငယ်ရေးရာနှင့်ပတ်သက်သည့် ပါတီမူဝါဒများကို အသီးသီး ရှင်းလင်းပြောကြားခဲ့ကြသည်။ ဉာဏ်လင်းထွန်း


READ NEXT
Cancel OK