Top News

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဂဠုန်ဆရာစံ၊ သခင်ဗိုလ်လှကြီး၊ ဗိုလ်အောင်ကျော်တို့၏ ရုပ်ပုံလွှာသုံးစွဲခွင့်ပြုရန် အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (NUD) က တင်ပြမှု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ခွင့်မပြု
24htopnews | December 23, 2024 6:12 AM CST

ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ဂဠုန်ဆရာစံ၊ သခင်ဖိုးလှကြီး၊ ဗိုလ်အောင်ကျော်တို့၏ ရုပ်ပုံလွှာ သုံးစွဲခွင့်ပြုရန် အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (NUD) ၏ တင်ပြမှုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်မပြုဟု အကြောင်းပြန်ခဲ့ကြောင်း ယင်းပါတီ၏ဥက္ကဌ မအူပင် ပြည်သူလွတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။

အမျိုးသားညီညွှတ်သော ဒီမိုကရက်တစ်ပါတီ (NUD)က ဂဠုန်ဆရာစံ၊ သခင်ဖိုးလှကြီး၊ ဗိုလ်အောင်ကျော် ရုပ်ပုံလွှာများကို ရွေးကောက်ပွဲအောင်နိုင်ရေးတွက် သုံးစွဲခွင့်ပြုပါရန် တင်ပြလာသည့်ကိစ္စနှင့် ပါတီအမည်ဘေးတွင် (ဆရာစံပါတီ) ဟု ဖော်ပြခြင်းကိစ္စကို ဇူလိုင် ၃၀ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင် စုံညီလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း အကြောင်းပြန်ကြားစာအရ သိရသည်။

''သူတို့ရှင်းပြတာကတော့ နှစ်ချက်ပေါ့။ တစ်ချက်ကတော့ ဆရာစံပါတီဆိုတာ မသုံးဖို့။ ဒါက မသုံးတာရတယ်။ ဆရာစံပါတီမသုံးနဲ့ဆို မသုံးပါဘူး။ ကျွန်တော်ရေးထားတဲ့ အဓိက ခေါင်းစဉ်က ဆရာစံရယ်၊ သခင်ဖိုးလှကြီးရယ်၊ ဗိုလ်အောင်ကျော်ရယ် ဒီရုပ်ပုံလွှာတွေ သုံးစွဲခွင့်ပြုဖို့ အောင်နိုင်ရေးကာလမှာပါ။ ဒါကို ခွင့်ပြုမပြုကို ဘာလုပ်သွားတုန်းဆိုတော့ ဆရာစံပါတီဘာတွေညာတွေ ပြောပြီးတော့ အလယ်အလတ်လူတန်းစားတွေရဲ့ ခေါင်းဆောင်တွေကို မသုံးသင့်ပါဘူးဆိုပြီးတော့ ကော်မရှင်ကနေပြီးတော့ ဆုံးဖြတ်ပါတယ်ဆိုပြီး ကျွန်တော်တောင်းဆိုချက်ကို ခွင့်မပြုပါဘူးဆိုပြီး ငြင်းပယ်သွားတယ်။ ဒီလိုအကြောင်းပြန်ထားတာကို ပြန်ပြီး လေ့လာဆန်းစစ်တဲ့အခါကျတော့ ခိုင်ခိုင်လုံလုံ အကြောင်းပြချက် မရှိတာကို တွေ့ရတယ်'' ဟု ဦးစိန်ဝင်းက ပြောကြားသည်။

နိုင်ငံရေးပါတီ၏ အမည်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုခဲ့သည့် ပါတီအမည်အတိုင်း သုံးနှုန်းထားမှုမရှိခြင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် မှတ်တမ်းတင်ထားသည့် ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွင် ဖော်ပြထားခြင်းမရှိသော အသုံးအနှုန်းများ သုံးစွဲထားခြင်းတို့ကို စိစစ်တွေ့ရှိရကြောင်း ကော်မရှင်၏အကြောင်းပြန်စာတွင် ဖော်ပြထားသည်။

သို့ဖြစ်၍ ကော်မရှင်၏ စုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ ဒေသနှင့် အလွှာ (လူတန်းစားအလိုက်) ထင်ရှားသော ပုဂ္ဂိုလ်များကို အသုံးပြုရန် မသင့်လျော်ဟု ယူဆသောကြောင့် ရည်ညွှန်းပါစာဖြင့် သုံးစွဲခွင့်ပြုပါရန် တင်ပြတောင်းခံခြင်းကို ခွင့်မပြုကြောင်းနှင့် ထုတ်ပြန်ထားသော ဥပဒေ၊ နည်းဥပဒေနှင့်အညီ ဆောင်ရွက်ရန်ဖြစ်ကြောင်း ကော်မရှင်၏ အကြောင်းပြန်စာတွင်ပါရှိသည်။

ဂဠုန်ဆရာစံ၊ သခင်ဖိုးလှကြီး၊ ဗိုလ်အောင်ကျော်တို့၏  ရုပ်ပုံလွှာများကို မိမိသဘောဖြင့် မသုံးစွဲဘဲ ကော်မရှင်သို့တင်ပြရခြင်းမှာ အဆိုပါ ပုံများသုံးစွဲပြီးချိန်မှ ကော်မရှင်က တစ်စုံတစ်ရာ ဆောင်ရွက်မှုများဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

''သန့်ရှင်းစင်ကြယ် လွတ်လပ်၊ တရားမျှတသော ရွေးကောက်ပွဲအတွက် ပါတီအပေါ် ရွေးကောက်ပွဲကော်မရှင်က စီမံကြီးကြပ်ဆောင်ရွက်ရမယ်လို့ ပါထားတာကိုး။ အဲဒီမှာ ဒီ Authority ကို သူ့ပေးထားတဲ့အခါကျတော့ လုပ်ထားပြီးမှ ဒီဟာကြီးက ဘာဖြစ်တယ်။ ညာဖြစ်တယ်ဆိုတာ သူ့လက်ခုပ်ထဲမှာရှိနေတာမို့လို့ ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံသုံးတာကိုလည်း ကျန်တဲ့ပါတီတွေက မသုံးဖို့ပြောတဲ့အခါမှာ သူက သုံးဖို့ခွင့်ပြုထားတယ်။ ကျန်တဲ့ပါတီက မသုံးဖို့ပြောတယ်။ အမျိုးသားခေါင်းဆောင်ကြီးဖြစ်တဲ့အတွက်  အားလုံးသက်ဆိုင်တဲ့အတွက် မသုံးသင့်ပါဘူးလို့ပြောတယ်။ ဒါပေမယ့် သုံးစွဲခွင့်ပြုတယ်။ အဲဒီတော့ ကျွန်တော်ကလည်း ဘာတွက်ရလည်းဆိုတော့ တော်ကြာနေ ငါ့ကျမှသုံးတော့မှ တစ်မျိုးဖြစ်နေမယ်ဆိုပြီး ဒါကို လိုရမယ်ရတင်လိုက်တော့ အခုလိုမျိုး အဖြေထွက်တော့ တော်သေးတာပေါ့။ ကျွန်တော် ဗွီနိုုင်းတွေ မရိုက်ထားလို့'' ဟု ဦးစိန်ဝင်းက ပြောကြားသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း ဗိုလ်ချုပ်အောင်ဆန်းပုံဖြင့် မဲဆွယ်ခြင်းမပြုရန်နှင့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံကို ပါတီတစ်ခု၏ အမှတ်အသားအဖြစ် အသုံးမပြုရန် နိုင်ငံရေးပါတီ ၃၀ က ကော်မရှင်ထံ ကန့်ကွက်ထားကြောင်း သိရသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားခေါင်းဆောင်ဖြစ်သည့်အတွက် နိုင်ငံသား ၅၄ သန်းက ပိုင်ဆိုင်ပြီး မဲဆွယ်ရာတွင် ဗိုလ်ချုပ်ပုံ သုံး မသုံးမှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီများ၏ သဘောထားသာဖြစ်ကြောင်း  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဦးလှသိန်းက  ဇူလိုင် ၁၇ ရက်တွင် နေပြည်တော်၌ကျင်းပသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲ အဖွင့်အမှာစကား၌ ပြောကြားထားသည်။

 

 


READ NEXT
Cancel OK