
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများအတွက် တရားလိုပြသက်သေ ၁၈ ဦးစစ်ဆေးရန် ကျန်ရှိနေသေးကြောင်း အမှုကို လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေများ၏ ပြောကြားမှုများအရ သိရသည်။
ဇွန် ၂၈ ရက်က နေပြည်တော်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် တရားစွဲဆိုခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇ နှင့် သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တို့ဖြင့် တရားစွဲဆို ခံထားရသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို နေပြည်တော်ကောင်စီဝန်းအတွင်းရှိ သီးသန့် တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက “တရားလိုပြသက်သေက အန်ကယ် ဦးဝင်းမြင့်အပေါ် စွဲဆိုထားတဲ့ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ မှာကတော့ တရားလိုပြသက်သေ ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းကို စစ်ပါတယ်။ ပြီးတော့ အမေ့ကို စွဲဆိုထားတဲ့ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ နဲ့ တရားလို ရဲမှူးမြင့်နိုင်က စွဲဆိုထားတဲ့ အမှုမှာကတော့ တရားလိုပြသက်သေ ဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်းကိုပဲ စစ်ပါတယ်။ ထပ်ပြီးတော့ တရားလိုပြသက်သေ ဇေယျသိဒ္ဓိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းဇော်ကို စစ်ပါတယ်။ ပြီးတော့ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ နဲ့ အမေ့အပေါ်ကို တရားလို ရဲမှူးကြည်လင်က စွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး ကမ္ဘာလှည့်ခရီးသွားလုံခြုံရေးရဲတပ်ဖွဲ့က တရားလိုပြသက်သေ ဒုရဲမှူးမိုးအောင်ကို စစ်ပါတယ်။ အဲဒါမှာ နားပြီးတော့မှ တစ်နာရီ ၃၀ မှာ ပြန်စတဲ့အခါမှာ အမေ့ကို ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နဲ့ စွဲဆိုထားတဲ့ တရားလို ရဲမှူးကြည်လင်က စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်ပြီးတော့ တရားလိုပြသက်သေ စစ်ဘက်ရေးရာလုံခြုံရေးတပ်က ဗိုလ်ကြီးမင်းထက်အောင်ကို စစ်ပါတယ်။ စစ်ပြီးတဲ့အခါမှာ ကမ္ဘာလှည့်ခရီးသွား လုံခြုံရေးရဲတပ်ဖွဲ့က ဒုရဲမှူးမိုးအောင်ကို စစ်ပါတယ်” ဟု ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား တရားစွဲဆိုထားသည့် သဘာဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ အမှုအတွက် တရားလိုပြသက်သေငါးဦး စစ်ဆေးရန် ကျန်ရှိနေသေးကြောင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများဖြစ်သော သဘာဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ တွင် တရားလိုပြသက်သေ ငါးဦး၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ တွင် တရားလိုပြသက်သေ ခြောက်ဦးနှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တွင် တရားလိုပြသက်သေခုနစ်ဦး စစ်ဆေးရန် ကျန်ရှိနေသေးကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။
“ ဒီနေ့ တနင်္လာနေ့ရဲ့ဟာတွေပေါ့။ နောက် တနင်္လာလည်း ကျန်တဲ့သက်သေတွေကို ထပ်စစ်ရမှာပါ” ဟု အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ နှင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ တို့ဖြင့် တရားစွဲဆိုထားသည့် အမှုများနှင့်ပတ်သက်၍ အပတ်စဉ် တနင်္လာနေ့တွင် ရုံးထုတ်စစ်ဆေးလျက်ရှိပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒေါက်တာမျိုးအောင်တို့အား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲဆိုထားသည့် အမှုနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၅ ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား တရားစွဲဆိုထားသည့် အမှုများနှင့် ပတ်သက်၍ အပတ်စဉ် အင်္ဂါနေ့တွင် ရုံးထုတ်စစ်ဆေးနေခြင်း ဖြစ်သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရှေ့နေဖြစ်သူတို့ ရုံးချိန်းမစတင်မီ တွေ့ဆုံမှုတွင် “အမေက COVID နဲ့ပတ်သက်ပြီးတော့ အကုန်လုံးကို ဂရုတစိုက်နေကြဖို့လည်း အဲဒါတော့ မှာပါတယ်။ ပြည်သူတွေ အတွက်ကို။ သူ တအားစိတ်ပူနေပါတယ်၊ COVID နဲ့ပတ်သက်ပြီး။ တစ်နိုင်ငံလုံး အတိုင်းအတာမှာ COVID ဘယ်လို ဖြစ်နေပြီဆိုတဲ့ အနေအထားရယ်၊ အခု နေပြည်တော်ရဲ့ COVID အခြေအနေကိုလည်း သူသိချင်လို့ မေးတာရှိပါတယ်။ အဲဒါကတော့ ဒီအမှုနဲ့မပတ်သက်တဲ့ကိစ္စ။ ခါတိုင်းသူပြောသလို Mask တပ်ပါ၊ လက်ဆေးပါဆိုတဲ့ အတိုင်းအတာတွေကတော့ ပြောပါတယ်။ အကုန်လုံးကို ပြောပါတယ်။ ကျွန်မတို့ ရှေ့နေတွေကိုလည်း အရမ်းကြီးဂရုစိုက်ကြဖို့ အခုကာလမှာ ပိုပြီးတော့ဂရုစိုက်ကြဖို့တော့ ပြောပါတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်