
မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာရယူခဲ့ပြီးနောက် တပ်မတော်သည် နိုင်ငံ၏ အကျိုးအမြတ် များပြားလှသော ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ခဲ့သည့်အတွက် အကျိုးအမြတ်များ ရရှိနေပြီး အာဏာကို အခိုင်အမာ ဆုပ်ကိုင်ထားနိုင်ရန်လည်း အထောက်အပံ့ ဖြစ်စေခဲ့ကြောင်း သုတေသီများက ပြောကြားခဲ့ကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
ကမ္ဘာ့ကျောက်စိမ်း ထွက်ရှိမှု၏ ရာခိုင်နှုန်း ၇၀ ခန့်ကို မြန်မာနိုင်ငံမှ ထုတ်လုပ်နေခြင်းလည်း ဖြစ်ပါသည်။ ကချင်ပြည်နယ်၊ ဖား ကန့်ဒေသရှိ သတ္တုတွင်းများ တစ်ဝိုက်၌ တိုက်ပွဲများ ဖြစ်ပွားလာမှုကြောင့်လည်း နယ်စပ်ဒေသတွင် မတည်ငြိမ်မှုများ ပိုမိုဖြစ်ပေါ်စေသည်ဟု လွတ်လပ်သည့် သုတေသနအဖွဲ့ အစည်း တစ်ခုဖြစ်သော Global Witness က ၎င်းတို့၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အုပ်စုများသည် ကချင်ပြည်နယ်တွင် နှစ်အတော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့သော်လည်း ကမ္ဘာပေါ်တွင် ကျောက်စိမ်းထွက်ရှိမှု အများဆုံး ကျောက်စိမ်းတွင်းများကို တူးဖော်မှုကနေ အကျိုးအမြတ်များ ခွဲဝေရယူလာခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အာဏာလွှဲပြောင်း ရယူခဲ့ပြီးနောက် အဆိုပါ သတ္တုတွင်းများ တစ်ဝိုက်တွင် အပစ်အခတ် ရပ်စဲထားမှုကို ထိခိုက်စေခဲ့ပြီး ကျောက်စိမ်း တူးဖော်သည့် နယ်မြေ၌ပင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု Global Witness နှင့် အခြားကျွမ်းကျင်သူများက ပြောကြားသည်။
“တရားဥပဒေ စိုးမိုးမှု လုံးဝယိုယွင်းလာတဲ့ အလွန်အမင်း မတည်ငြိမ်တဲ့ အခြေအနေတစ်ရပ်ဖြစ်တယ်” ဟု အဆိုပါ အစီရင်ခံစာ ရေးသားသူတစ်ဦးဖြစ်သော ကီးလ် ဒိုင်ယက်ဇ်က AP သတင်းဌာနကို ပြောကြားသည်။
အဖိုးတန် ကျောက်မျက်ရတနာ အများအပြားကို ရနိုင်သလောက် မြန်မြန်ဆန်ဆန် တူးဖော်လာနိုင်သည့် အခြေအနေကို တန်ပြန်နိုင်ရန်အတွက် တပ်မတော်အပေါ် ပိုမိုပြင်းထန်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်သွားရန် Global Witness နှင့် အခြားသုတေသနအဖွဲ့အစည်းများက တောင်းဆိုထားသည်။
“ အဲဒီသယံဇာတတွေ တင်ပို့မှုကို တားဆီးပြီး သူတို့ကို ပေးချေမယ့် ငွေကြေးလွှဲပြောင်းမှုတွေကို ပိတ်ပင်ကာ မြန်မာ့သယံဇာတတွေ ရောင်းချမှုကနေ ရရှိလာနိုင်တဲ့ အကျိုးအမြတ် ပမာဏကို ကန့်သတ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ တာဝန်ရှိနေတယ်” ဟုလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
“ရေနံပြီးရင် ကျောက်စိမ်းဟာ တပ်မတော်အတွက် အကျိုးအမြတ်အများဆုံး လုပ်ငန်း ဖြစ်နိုင်ပါတယ်။ ကြေးနီလို တခြား ဓာတ်သတ္တု တူးဖော်မှုတွေကလည်း အကျိုးအမြတ် အများအပြား ရရှိစေပါတယ်။ မြေရှားသတ္တုကလည်း အကျိုးအမြတ် ရနေပေမယ့် ကျောက်စိမ်းကိုတော့ မမီပါဘူး” ဟု မြန်မာနိုင်ငံ၏ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို သုတေသနလုပ်နေသည့် Project Maje ၏ ဒါရိုက်တာဖြစ်သူ အီဒစ် မီရန်တီက ပြောကြားသည်။
အမေရိကန်နှင့် ဗြိတိန်အစိုးရသည့် မြန်မာ့ကျောက်မျက်လုပ်ငန်း၊ တပ်မတော်က ထိန်းချုပ်ထားသည့် အဓိက စီးပွားရေးလုပ်ငန်းများ၊ တပ်မတော်ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ တပ်မတော်နှင့် ဆက်နွှယ်နေသည့် သို့မဟုတ် တပ်မတော်က ထိန်းချုပ်ထားသည့် အခြားစီးပွားရေး လုပ်ငန်းများကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသည်။
သို့ပေမဲ့လည်း မြန်မာနိုင်ငံမှ ထွက်ရှိသည့် ကျောက်စိမ်းအားလုံးနီးပါးအပါအဝင် အခြားအဖိုးတန် ကျောက်မျက်အများအပြားနှင့် ပုလဲများကို တရုတ်နိုင်ငံကိုသာ တင်ပို့နေပြီး အများစုကို တရားမဝင် လမ်းကြောင်းမှ တင်ပို့ခြင်းကြောင့် ကျောက်မျက်လုပ်ငန်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ၏ ထိရောက်နိုင်ခြေသည် အကန့်အသတ် ရှိနေသည်ဟုလည်း ဆိုသည်။
ဓာတ်သတ္တု တူးဖော်မှု အများအပြားကို ပြည်တွင်းကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းထားသည့် တရုတ်ကုမ္ပဏီများက လုပ်ကိုင်နေခြင်းဖြစ်ပြီး တပ်မတော်သည် သတ္တုတွင်းလုပ်ငန်းမှ အကျိုးအမြတ် အများအပြားကို မကြာခဏ ရရှိနေသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်