Top News

ရဟတ်ယာဉ် ဝယ်ယူခြင်း၊ ထိန်းသိမ်းခြင်းကိစ္စများအပေါ်ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲဆိုထားသည့် အမှုနှစ်မှုအတွက် လူကယ်ပြန်ဒုတိယအမြဲတမ်းအတွင်းဝန်အား စစ်ဆေး
24htopnews | December 22, 2024 8:12 AM CST

ရဟတ်ယာဉ် ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ နှင့် ၅၀ တို့အတွက် တရားလိုပြသက်သေ လူကယ်ပြန် ဒုတိယအမြဲတမ်းအတွင်းဝန်အား စစ်ဆေးခဲ့ကြောင်း အမှုနှင့်ပတ်သက်၍ ထွက်ပေါ်လာသည့်သတင်းများအရ သိရသည်။

စက်တင်ဘာ ၂၆ ရက်က နေပြည်တော်အချုပ်ထောင်ရှိ အထူးတရားရုံးတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုခြင်းခံထားရသည့် သမ္မတဟောင်း ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်တို့ကို ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၆ ရက် ရုံးချိန်းတွင် ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၆၊ ၄၇၊ ၄၈၊ ၄၉၊ နှင့် ၅၀ တို့အနက် ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်းကိစ္စများ ဆောင်ရွက်မှုအပေါ် အဂတိဖြင့် တရားစွဲဆိုထားသည့် ရာဇဝတ်ကြီးအမှုအမှတ် ၄၉ နှင့် ၅ဝတို့အတွက် တရားလိုပြသက်သေဖြစ်သူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန်အား စစ်ဆေးခဲ့ကြောင်း သိရသည်။

အထက်ပါအမှုသည် နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က ရဟတ်ယာဉ်ငှားရမ်းခြင်း၊ ဝယ်ယူခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းကိစ္စရပ်များတွင် ၎င်းတို့၏လုပ်ပိုင်ခွင့်အခွင့်အာဏာကို အသုံးပြု၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမပြုဘဲ ရုံးတွင်းစာ အဆင့်ဆင့်ဖြင့် ဆက်လက်ဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့သဖြင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကြေးများ နစ်နာဆုံးရှုံးခဲ့ရခြင်းကြောင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုထားသည့် အမှုများဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့်အစိုးရလက်ထက်တွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် အကြောင်းပြ၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ရဟတ်ယာဉ်တစ်စီးငှားရမ်းခြင်း၊ သက်တမ်းတိုးခြင်းတို့ ဆောင်ရွက်ခဲ့ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ ကို လိုက်နာမှုမရှိခြင်းအပါအဝင် ငှားရမ်းသည့်ကာလအတွက် ငွေကြေးပေးချေမှုများ၊ နိုင်ငံတော်ပိုင်ရဟတ်ယာဉ်တစ်စီး ဝယ်ယူအသုံးပြုရာ၌ လုပ်ထုံးလုပ်နည်းနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက်တောင်းခံတင်ပြဝယ်ယူခြင်းမရှိဘဲ သုံးစွဲခွင့်မရှိသည့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ သုံးစွဲထားခြင်းကြောင့် ဘဏ္ဍာရေးစည်းမျဉ်းများကို လိုက်နာရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ နိုင်ငံတော်၏ဘဏ္ဍာငွေကြေးကို ထိခိုက်နစ်နာဆုံးရှုံးစေမှုဖြင့် ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

ရဟတ်ယာဉ် ငှားရမ်းခြင်း၊ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း ကိစ္စရပ်များနှင့်ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေများဖြင့် တရားစွဲဆိုထားသည့် အမှုများအား စက်တင်ဘာ ၂၇ ရက်တွင် ထပ်မံရုံးထုတ်စစ်ဆေးရန် ချိန်းဆိုထားကြောင်း သိရသည်။


READ NEXT
Cancel OK