Top News

အိန္ဒိယအနေဖြင့် မြန်မာ့တပ်မတော်နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သင့်ဟု ဇိုမီရမ်ပြည်နယ်ဝန်ကြီးချုပ် ပြောကြား
24htopnews | December 22, 2024 8:12 AM CST

အိမ်နီးချင်းမြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး ပြန်လည်ဖော်ဆောင်ရန်အတွက် အိန္ဒိယအနေဖြင့် မြန်မာ့တပ်မတော် အာဏာပိုင်များ၊ တိုင်းရင်းသားလူမျိုးစုများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သင့်ကြောင်း မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ 

အိန္ဒိယသည် မြန်မာနိုင်ငံနှင့် ကီလိုမီတာ ၁၆၀၀ ကျော် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးအတွက် အိန္ဒိယက ကြားဝင်စေ့စပ်ပေးဖို့ မြန်မာအသိုင်းအဝိုင်းတချို့ရဲ့ မေတ္တာရပ်ခံချက်တွေကို လက်ခံရရှိထားပါတယ်။ ဒါဟာအရင်တုန်းက အဲဒီမှာကျွန်တော်တို့လုပ်ဆောင်ခဲ့တဲ့ ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်ရေးဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ အိန္ဒိယအတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခုပါပဲ” ဟု မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ဇိုရမ်သန်ဂါက စက်တင်ဘာ ၂၄ ရက်၌ နယူးဒေလီမှ ပြန်ရောက်လာပြီးနောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်ကလည်း အမျိုးသားလုံခြုံရေးအကြံပေးအာဂျစ်ဒိုဗာလ်နှင့်အတူ ၎င်းအား ငြိမ်းချမ်းရေးမစ်ရှင်တစ်ခုအတွက် မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့ဖူးကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ဆိုသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်၏ နေရာဒေသအသီးသီးသို့ မြန်မာနိုင်ငံသား သုံးသောင်းကျော် ဝင်ရောက်ခိုလှုံခဲ့ကာ ချင်းပြည်နယ်မှ အများစုဖြစ်သည့် ဒုက္ခသည်များသည်ယာယီစခန်းများတွင် နေထိုင်နေပြီး အချို့မှာ နေအိမ်များငှားရမ်းနေထိုင်လျက်ရှိကာ ဒေသခံဆွေမျိုးသားချင်းများနှင့် အတူနေထိုင်သူများလည်းရှိနေသည်ဟု သိရသည်။

အိန္ဒိယအစိုးရ၊ NGO အဖွဲ့အစည်းများနှင့် ဒေသန္တရအာဏာပိုင်များက ၎င်းတို့အား အစားအသောက်နှင့် အခြားအကူအညီများ ပေးအပ်လျက်ရှိသည်။ မီဇိုရမ်ပြည်နယ်တွင် လာရောက်ခိုလှုံနေထိုင်သူ အများအပြားသည် ချင်းလူမျိုးများဖြစ်ကြောင်း သိရသည်။

 


READ NEXT
Cancel OK