Top News

ထိုင်းနယ်စပ်ကိစ္စရပ်နှင့်ပတ်သက်၍ ပဋိပက္ခများတွင် ငြိမ်းချမ်းရေးသည် အဓိကလမ်းကြောင်းဖြစ်သောကြောင့် ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း UWSA ထုတ်ပြန်
24htopnews | December 20, 2024 8:12 PM CST

ထိုင်းနယ်စပ်ကိစ္စရပ်နှင့်ပတ်သက်၍ ပဋိပက္ခများတွင် ငြိမ်းချမ်းရေးသည် အဓိကလမ်းကြောင်း ဖြစ်သောကြောင့် ငြိမ်း ချမ်းရေးကိုသာ လိုလားကြောင်း “၀” အဖွဲ့ (UWSA) က ဒီဇင်ဘာ ၈ ရက်တွင် ထုတ်ပြန်သည်။

နိုဝင်ဘာ ၂၅ ရက်က ထိုင်း-မြန်မာနယ်စပ်ရှိ မယ်ဟောင်ဆိုင်ခရိုင်အတွင်းရှိ စည်းမျဉ်းဘက်က UWSA ၏ စစ်တပ်စခန်း ကိုးခုခန့်ကို ဒီဇင်ဘာ ၁၈ ရက် နောက်ဆုံးထားပြီး ဖယ်ပေးရန် ထိုင်းတော်ဝင်စစ်တပ်က ထုတ်ပြန်မှုအပေါ် UWSA က ရည်ရွယ်၍ ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်တွင် ယင်းအချက်ကို ထည့်သွင်းထားခြင်းဖြစ်သည်။

ယင်းထုတ်ပြန်ချက်ထဲတွင် UWSA သည် ထိုင်းစစ်တပ်၏ ရန်သူမဟုတ်သကဲ့သို့ တိုက်ပွဲဖြစ်ပွားမည့် စစ်ရေးသတင်းအမှားများကို မဟုတ်မမှန်လုပ်ကြံရေးသားသည့်အပေါ် အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြထားသည်။

ထို့ပြင် “၀” ဒေသ ၁၇၁ ဧရိယာအတွင်းက နယ်မြေကိုးခုကို ထိုင်းဘက်က ဖယ်ခိုင်းခဲ့ခြင်းသည် အမှန်တကယ်ဖြစ်ကြောင်း၊ နိုင်ငံတော်အချင်းချင်း ဆွေးနွေးရမည့်ကိစ္စရပ်သာဖြစ်ပြီး နိုင်ငံတော် ခေါင်းဆောင်ပိုင်းကိုလည်း သတင်းပေးပို့ပေးထားပြီဖြစ်ကြောင်း၊ ထိုင်း‌တော်ဝင်စစ်တပ်က မြေပြင်တွင် အင်အားတိုးချဲ့ထားပြီး UWSA ဘက်တွင်မူ ပုံမှန်အခြေအနေသာရှိကြောင်းကို UWSA ၏ ပြင်ပဆက်ဆံရေးရုံး တာဝန်ခံဦးညီရန်းက “၀” ဒေသအခြေစိုက်မီဒီယာတစ်ခုဖြစ်သည့် Wa News Land သတင်းဌာနသို့ ဖြေကြားထားသည်။

မြန်မာ-ထိုင်းနယ်စပ်ရှိ “၀” အဖွဲ့ (UWSA) ၏စခန်းများကို ဖယ်ပေးရန် ထိုင်းကပြောကြားခဲ့ပြီး ထိုင်းစစ်တပ်နှင့် “၀” အဖွဲ့တို့ စစ်ရေးတင်းမာနေဟု ထိုင်းသတင်းဌာနအချို့က သတင်းဖော်ပြမှုများရှိခဲ့သည်။

ထိုင်းနိုင်ငံကပိုင်သည်ဟုပြောကြားထားသော နေရာကိုးခုခန့်မှ “၀” အဖွဲ့ (UWSA) ၏ စခန်းများကို ဒီဇင်ဘာ ၁၈ ရက်တွင် ရုပ်သိမ်းပေးရန် ထိုင်းစစ်တပ်က ပြောကြားခဲ့သည်ဆိုသော်လည်း “၀” အဖွဲ့ (UWSA) က ယင်းနယ်မြေများသည် ၎င်းတို့ပိုင်သည်ဟု ပြောကြားခဲ့ပြီးနောက် မဲဟောင်ဆောင်ပြည်နယ်၏ ပိုင်ခရိုင်၌ မြန်မာနိုင်ငံနှင့်ထိစပ်နေသော ထိုင်းနယ်စပ်တစ်လျှောက်ရှိ နယ်မြေများတွင် ယခုအခါ အလွန်တင်းမာသည့် အနေအထား ဖြစ်နေကြောင်း “၀” အဖွဲ့(UWSA) မှ ယုံကြည်ရသော သတင်းအရင်းအမြစ်က နိုဝင်ဘာ ၂၅ ရက်တွင် ပြောကြားကြောင်း ထိုင်းအခြေစိုက်သတင်းဌာနက ဖော်ပြခဲ့သည်။

ဒွိုင်ဟာမာ၊ နောင်လျန်းစစ်အခြေစိုက်စခန်းတို့အပါအဝင် အခြားစစ်အခြေစိုက် စခန်းငါးခုတို့ ဖယ်ပေးရန် ထိုင်းဘက်က တောင်းဆိုမှုကို “၀” အဖွဲ့(UWSA)က လက်မခံဟု ဆိုသည်။ ထိုနေရာများသည် ထိုင်းပိုင်နယ်မြေများ မဟုတ်ဟု ဆိုသည်။

ထိုင်းစစ်တပ်နှင့် “၀” အဖွဲ့ (UWSA) တို့ ပြင်းထန်သည့် ထိပ်တိုက်တွေ့မှုအန္တရာယ်မရှိဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသီရတ်ဆွန်ဘတ်ဆီရီက ပြောကြားထားသည်။

ထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပါနာကလော်ပလော့တက်က နယ်စပ်အခြေအနေများကို ပြည်သူအားရှင်းပြရန် အမှတ် (၃) တပ်ရင်းကို နိုဝင်ဘာ ၂၆ ရက်တွင် ညွှန်ကြားခဲ့သည်ဟု ထိုင်းအခြေစိုက် သတင်းဌာနက ဖော်ပြခဲ့သည်။

ထို့ပြင် “၀”အဖွဲ့(UWSA) နှင့် ပြင်းထန်သော ထိပ်တိုက်တွေ့ဆုံမှုအန္တရာယ်မရှိကြောင်းကိုလည်း ထိုင်းပြည်သူများအား ရှင်းပြရန် ဗိုလ်ချုပ်ကြီးက ညွှန်ကြားခဲ့သည်ဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးသီရတ် ဆွန်ဘတ်ဆီရီက ပြောကြားခဲ့သည်။

ယင်းစခန်းများအရေးနှင့်ပတ်သက်၍ အောက်ခြေအဆင့်တွင်ဖြေရှင်းနိုင်အောင် ကြိုးပမ်းနေကြောင်း ထိုင်းမြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းကို လုံခြုံရေးယူသည့် ထိုင်းစစ်တပ် ၃ မိဗမာပက ပြောခွင့်ရသူက  နိုဝင်ဘာ ၂၇ ရက်တွင် သတင်းထုတ်ပြန်ကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။

“ထိုင်းနဲ့ မြန်မာကြား နယ်စပ်ကိစ္စတွေအတွက် နယ်စပ်ရေးရာကိစ္စရပ်တွေအတွက် မြို့နယ်အဆင့်ကနေ အစိုးရအဆင့်အထိ အဖွဲ့ဖွဲ့ထားတာကြောင့် လက်ရှိမှာ အောက်ခြေအဆင့်မှာပဲ ဖြေရှင်းနိုင်အောင် ကြိုးပမ်းနေ တယ်” ဟု ထိုင်းစစ်တပ် ၃မိဗမာပ ပြောခွင့်ရသူ ရန်ခွန်းမဟာပညာဝန်က ပြောကြားကြောင်း BBC သတင်းဌာနက ဖော်ပြထားသည်။


READ NEXT
Cancel OK