Top News

ယီမင်ဘက်က ပစ်လွှတ်သော ဒုံးကျည်ကို ကြားဖြတ်ပစ်ချခဲ့ပြီးနောက် အစ္စရေးက ဟူရ်သီတို့အသုံးပြုနေသည့် ဆိပ်ကမ်းနှင့် ဓာတ်အားပေးစက်ရုံများကို တိုက်ခိုက်
24htopnews | December 20, 2024 3:12 PM CST

ယီမင်က ပစ်လွှတ်သောဒုံးကျည်ကို ကြားဖြတ်ပစ်ချခဲ့ပြီးနောက် အစ္စရေးက ယီမင်နိုင်ငံတွင် ဟူရ်သီသူပုန်တို့အသုံးပြုနေသော ဆိပ်ကမ်းကိုလည်းကောင်း၊ ဓာတ်အားပေးစက်ရုံများကိုလည်းကောင်း  ဒီဇင်ဘာ ၁၉ ရက်တွင် တိုက်ခိုက်ခဲ့ပြီး အစ္စရေးက ၎င်းတို့ထံကို ရောက်လာလိမ့်မည်ဟုလည်း ဟူရ်သီခေါင်းဆောင်များကို သတိပေးခဲ့သည်။

အစ္စရေးတိုက်ခိုက်မှုများက ဓာတ်အားပေးစက်ရုံများ၊ ရေနံချက်စက်ရုံများ၊ ဟိုဒေဒါရှိ ဆိပ်ကမ်းတို့ကို ထိမှန်ခဲ့သည်ဟု ဟူရ်သီမီဒီယာက ဖော်ပြခဲ့ပြီးကိုးဦးသေဆုံးကာ အခြားလူများ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဟူရ်သီသူပုန်တို့က အစ္စရေးထံပစ်လွှတ်ခဲ့သော ဒုံးကျည်ကို အစ္စရေးကကြားဖြတ်ပစ်ချခဲ့ပြီးနောက် ယီမင်ရှိ ဟူရ်သီတို့ကို တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ဟူရ်သီအုပ်စုသည် အစ္စရေး၏ဂါဇာစစ်ဆင်ရေး နှင့်ပတ်သက်၍ အစ္စရေးကိုပုံမှန်ပစ်မှတ်ထားခဲ့သည်။

အစ္စရေးစစ်တပ်က ယီမင်နိုင်ငံရှိ ဟူရ်သီစစ်ရေး ပစ်မှတ်များကို တိကျသောတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟုဆိုသည်။ ယင်းသို့ တိုက်ခိိုက်ခဲ့ရာတွင် ဆိပ်ကမ်းများ၊ ဆာနားရှိ စွမ်းအင်အခြေခံအဆောက်အအုံများ ပါဝင်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။ ဟူရ်သီတို့က ၎င်းတို့၏စစ်ရေးလုပ်ဆောင်ချက်များကို ထိရောက်စွာပုံဖော်သော နည်းလမ်းများဖြင့် ဆိပ်ကမ်းများ၊ စွမ်း အင်အခြေခံအဆောက်အအုံများကို အသုံးပြုနေသည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

“အစ္စရေးရဲ့ရှည်လျားတဲ့ လက်တံဟာ ခင်ဗျားတို့ဆီကို ရောက်လာလိမ့်မယ်လို့ဟူရ် သီခေါင်းဆောင်တွေကို ကျွန်တော် သတိပေးပါတယ်”ဟု အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ပြောကြားခဲ့သည်။

ယီမင်မြို့တော်ဆာနားနှင့် ဟိုဒေဒါဆိပ်ကမ်းတို့ကို ပြင်းထန်သော အလစ်အငိုက်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟု ဟူရ်သီပိုင်သောမီဒီယာဖြစ်သည့် အယ်မာဆီရာက ဖော်ပြခဲ့သည်။

အလစ်အငိုက်တိုက်ခိုက်မှုများသည် ယီမင်မြို့တော်ဆာနားနှင့်ယင်းမြို့၏အနီးနားရှိ ဗဟိုဓာတ်အားပေးစက်ရုံနှစ်ခုကို ပစ်မှတ်ထားခဲ့ပြီး ဟိုဒေဒါဆိပ်ကမ်းကို တိုက် ခိုက်မှုလေးကြိမ်လုပ်ဆောင်ခဲ့ကာ ရေနံစက်ရုံကို ပစ်မှတ်ထားသော တိုက်ခိုက်မှုနှစ်ကြိမ်ရှိခဲ့သည်ဟု အယ်မာဆီရာ မီဒီယာက ဖော်ပြခဲ့သည်။

အယ်-ဆာလီဆိပ်ကမ်းကို တိုက်ခိုက်မှုများကြောင့် ခုနစ်ဦးသေဆုံးခဲ့ပြီး ရေနံစက်ရုံကို တိုက်ခိုက်မှုကြောင့် နောက်ထပ်နှစ်ဦးသေဆုံးခဲ့ကာ အခြားလူများ ဒဏ်ရာရခဲ့သည်ဟု ဖော်ပြခဲ့သည်။

အစ္စရေးစစ်တပ်က ယခုသီတင်းပတ်ထဲတွင် ယီမင်ဘက်မှလာသော ဒုံးကျည်ကို ဒုတိယအကြိမ် ကြားဖြတ်ပစ်ချခဲ့ပြီးနောက် အစ္စရေး၏တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

အစ္စရေး၏တဲလ်အဗစ်ဧရိယာဖြစ်သည့် အသိမ်းပိုက်ခံယက်ဖာဒေသရှိ ရန်သူအစ္စရေး၏စစ်ဘက်ပစ်မှတ်ကို ဒုံကျည်ဖြင့် ပစ်ခဲ့သည်ဟု ဒီဇင်ဘာ ၁၆ ရက်တွင် ဟူရ်သီက ပြောကြားခဲ့သည်။ ထို့နေ့တွင်ပင် အစ္စရေး ရေတပ်၏ဒုံးကျည်ကာကွယ်ရေးသင်္ဘောက မြေထဲပင်လယ်တွင်ယီမင်ဘက်မှလာသော ဒရုန်းကို ပစ်ချခဲ့သည်ဟုဆိုသည်။

Ref: AFP


READ NEXT
Cancel OK