Top News

အင်ဒိုနီးရှားအစိုးရက သေဒဏ်ဖြင့်ထောင် ၁၅ နှစ်နီးပါးချထားသည့် ဖိလစ်ပိုင်နိုင်ငံသူကို မိခင်နိုင်ငံသို့ လွှဲပြောင်းပေး
24htopnews | December 19, 2024 7:12 PM CST

မူးယစ်ဆေးမှောင်ခိုကူးမှုဖြင့် အင်ဒိုနီးရှားတွင် သေဒဏ်ချခံထားရ ၊ ၁၅ နှစ်နီးပါးထောင်ထဲနေခဲ့ရသည့် ဖိလစ်ပိုင်နိုင်ငံသူ မယ်ရီဂျိန်းဗယ်လိုဆိုသည် ဒီဇင်ဘာ ၁၈ ရက်တွင် မိခင်နိုင်ငံသို့ပြန်ရောက်လာပြီဖြစ်သည်။ပြစ်ဒဏ်ကင်းလွတ်ခွင့်ဖြင့်မဟုတ်ဘဲ ကျန်ရှိနေသည့်ပြစ်ဒဏ်ကို ဖိလစ်ပိုင်တွင်ဆက်လက်ခံယူရမည်။

မြို့တော်မနီလာသို့ရောက်ပြီးနောက် ဗယ်လိုဆိုကို အကျဉ်းထောင်တစ်ခုသို့ခေါ်သွားပြီး ထိုနေရာတွင်ဗယ်လိုဆိုက “ကျွန်မ မကျူးလွန်ခဲ့တဲ့အပြစ်အတွက် အင်ဒိုနီးရှားမှာ ၁၅ နှစ်ထောင်ထဲနေခဲ့ရတယ်” ဟု သတင်းထောက်များအားပြောသည်။၎င်း၏ဘေးတွင် မိသားစုဝင်များလည်းရှိနေခဲ့ပြီး သားနှစ်ဦးပါရှိနေခဲ့သည်။ ဖိလစ်ပိုင်သို့ ၎င်းပြန်ရောက်လာခြင်းက ကွပ်မျက်ခံရနိုင်ခြေပျောက်သွားသည်။ ဖိလစ်ပိုင်တွင် သေဒဏ်ပေးခြင်းကိုဖျက်သိမ်းလိုက်သည်မှာ ကြာပြီဖြစ်သည်။

နှစ်နိုင်ငံအစိုးရအကြား ဒီဇင်ဘာ ၆ ရက်နေ့က လက်မှတ်ရေးထိုးခဲ့သည့် အကျဉ်းသားလွှဲပြောင်းပေးရေးသဘောတူညီချက်ဖြင့် ဗယ်လိုဆို ပြန်ရောက်လာခြင်းဖြစ်သည်။၎င်းအား ဆွေမျိုးမိသားစုဝင်များနှင့် ထောက်ခံအားပေးသူများက မနီလာလေဆိပ်တွင် လာစောင့်ကြိုဆိုခဲ့ပြီး လုံခြုံရေးအစောင့်အကြပ်များက အသင့်စောင့်နေသည့်ကားဖြင့် ခေါ်သွားခဲ့သည်။ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်ဂျူနီယာက ဗယ်လိုဆို ၎င်း၏ပြစ်ဒဏ်ကို ဆက်လက်ကျခံနေချိန် ဘေးကင်းရေးအတွက် အစိုးရကသေချာဆောင်ရွက်ပေးမည်ဟု ကြေညာထားကာ လွတ်ငြိမ်းချမ်းသာခွင့်ပေး၊ မပေးကိုမူ မပြောသေးပေ။ 

လာမည့်ဇန်နဝါရီတွင် အသက် ၄၀ ပြည့်မည့်ဗယ်လိုဆိုသည် ၂၀၁၀ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ၊ ယော့ယာကာတာမြို့လေဆိပ်တွင် ခရီးဆောင်အိတ်အတွင်း ဘိန်းဖြူ ၂ ဒသမ ၆ ကီလိုဂရမ်ခန့် ခိုးသယ်လာမှုဖြင့်  ဖမ်းဆီးခံလိုက်ရပြီး သေဒဏ်ကျခဲ့သည်။ ဗယ်လိုဆိုအမှုသည် ဖိလစ်ပိုင်လူထုကို ဒေါသထွက်စေခဲ့သည်။ အလုပ်အကိုင်ရှာပေးသူ ခရစ္စတီးနား ဆာဂျီယိုဆိုသူက အိမ်အကူလုပ်ရမည်ဟုဆိုကာ ဗယ်လိုဆိုကိုအယုံသွင်းခဲ့ပြီး ဘိန်းဖြူတွေ့ခဲ့သည့်ခရီးဆောင်အိတ်ကလည်း ဆာဂျီယိုပေးခဲ့ခြင်းသာဖြစ်သည်။ 

၂၀၁၅ ခုနှစ်တွင် ဗယ်လိုဆိုကို ကျွန်းတစ်ခုရှိအကျဉ်းထောင်သို့ အခြားအကျဉ်းသားရှစ်ဦးနှင့်အတူ ပို့လိုက်သည်။ထိုအကျဉ်းထောင်တွင် ၎င်းတို့ကိုးဦးကို သေနတ်တပ်ဖွဲ့က ကွပ်မျက်ရန်စီစဉ်ထားသည်။ သို့သော်ကျန်ရှစ်ဦးက ကွပ်မျက်ခံရပြီး ဗယ်လိုဆိုအလှည့်တွင် ဆိုင်းငံ့လိုက်သည်။ အလုပ်ရှာပေးသူဆာဂျီယိုကို ဖိလစ်ပိုင်တွင် ဖမ်းမိသွားသည့်အတွက် သေဒဏ်ဆိုင်းငံ့လိုက်ခြင်းဖြစ်သည်။

အင်ဒိုနီးရှားသည် မူးယစ်ဆေးမှောင်ခိုလုပ်ကိုင်ရာ အချက်အချာနေရာဖြစ်ပြီး နောက်ဆုံးကွပ်မျက်မှု လုပ်ဆောင်ထားသည့်အချိန်က ၂၀၁၆ ခုနှစ်ကဖြစ်သည်။  နိုင်ငံခြားသား ၉၆ ဦးအပါအဝင် အင်ဒိုနီးရှားတွင်လက်ရှိ သေဒဏ်ကျနေသူ ၅၃၀ နီးပါးရှိပြီး အများစုက မူးယစ်ဆေးဝါးနှင့်ဆိုင်သည့်ပြစ်မှုများ ကျူးလွန်ထားကြသည်။

Ref: AP

Images: AP


READ NEXT
Cancel OK